တော်လှန်ရေးနယ်မြေ ကံမကို စစ်အုပ်စု ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်။

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်နှင့် မင်းတုန်းမြို့နယ်အစပ် တော်လှန်ရေးတပ်များ စိုးမိုးထားသည့် ကျောက်ပဒေါင်းကျေးရွာကို စစ်အုပ်စုတပ်က ကာမီကာဇေ (Kamikaze) အသေခံ ဒရုန်းနှစ်စီးဖြင့် လာရောက် တိုက်ခိုက် ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကျောက်ပဒေါင်းကျေးရွာသည် ကံမမြို့၏ အနောက်ဘက် မင်းတုန်းမြို့နယ်သို့ ဆက်သွယ်ထားသည့် ကျေးရွာ ချင်းဆက် လမ်းပေါ်တွင် တည်ရှိပြီး မင်းတုန်းချောင်းဘေးရှိ အဆိုပါ နယ်မြေများကို တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေစိုးမိုးထားသည့် ဒေသဖြစ်သည်။

အဆိုပါ ကျောက်ပဒေါင်းကျေးရွာကို စစ်အုပ်စုတပ်က အောက်တိုဘာ ၄ ရက် ည ၉ နာရီအချိန်ခန့်တွင် ကာမီကာဇေ (Kamikaze) ဒရုန်းနှစ်စီးဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မင်းတုန်းမြို့နှင့် ကံမမြို့တို့သည် စစ်အုပ်စုတပ်၏ အထိုင်တပ်မရှိသော မြို့များဖြစ်ပြီး အနီးဆုံး တည်ရှိသည့် စစ်အုပ်စုတပ်စခန်းများမှာ သရက်မြို့ရှိ ခလရ (၄၄) နှင့် ကပစ (၁၂) တို့ ဖြစ်ကြသည်။

အသက် ၄၅ နှစ်အရွယ် တောင်သူတစ်ဦးက “ဟိုဘက်ကမ်းမှာ ဆင်ကော်ရဲစခန်း ရှိတယ်၊ သူ့မြောက်ဘက်မှာ ကပစ (၁၂) ရှိတယ်၊ အဲဒီက လွှတ်တာဖြစ်ဖို့ များတယ်၊ ရေနံ့သာကတော့ မဟုတ်ဘူး” ဟု စစ်အုပ်စု၏ ဒရုန်းလွှတ်တင်သည့် တပ်စခန်း တည်နေရာနှင့် ပတ်သက်၍ ခန့်မှန်း ပြောဆိုသည်။

အဆိုပါ ဒရုန်းနှစ်စီးဖြင့် တိုက်ခိုက်မှုကြောင့် ဒရုန်းတစ်စီးမှာ ရွာလမ်းမပေါ်သို့ ကျရောက်ခဲ့ပြီး အရပ်သား နေအိမ် တစ်အိမ်၏ မီးဖိုဆောင် ထိခိုက်ပျက်စီးခဲ့သည့်အပြင် တောင်သူများ၏ ကာလပေါက်ဈေး ကျပ်သိန်း ၂၀ ခန့်တန် ခိုင်းနွားတစ်ကောင် ဗုံးစထိမှန်ကာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။

အသက် ၄၀ အရွယ် ဒေသခံတစ်ဦးက “လမ်းခြေရင်းဘက်က အိမ်မီးဖိုဆောင် ထိသွားတာ၊ လူတွေ မထိခိုက် ဘူး။ နွားကတော့ အခြေအနေ မကောင်းလို့ ပေါ်လိုက်ပြီ ပြောတာပဲ” ဟု ပြောသည်။

တော်လှန်ရေးတပ်များ နယ်မြေစိုးမိုးထားသည့် အဆိုပါ ကံမ-မင်းတုန်း နယ်စပ် ကျေးရွာများကို စစ်အုပ်စုတပ်က အနီးနားရှိ ကပစ နှင့် ရဲစခန်းများမှတစ်ဆင့် ဒရုန်းများ သုံး၍ ခြိမ်းခြောက် တိုက်ခိုက်မှုများ ပြုလုပ်လာနေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။