ကျောက်ဖြူ အဝတောင်စခန်းသို့ စစ်အုပ်စုတပ် စစ်ကြောင်းနှစ်ကြောင်းထိုး၊ တိုက်ပွဲပြင်းထန်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်။

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ စခန်းသို့ စစ်အုပ်စုတပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်နေသောကြောင့် အာရက္ခတပ်တော် (AA) နှင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိ ကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

စစ်အုပ်စုတပ်၏ ဓညဝတီ ရေတပ်ဌာနချုပ်ဘက်မှ စစ်ကူစစ်ကြောင်းနှစ်ခုသည် မင်းတက်တောင်နှင့် ပြိုင်းစေ့ကေ ကျေးရွာများအပြင် သိုင်းချောင်းနှင့် မင်းပြင်ဝန်းကျင်အထိ စစ်ကြောင်းထိုးလာသဖြင့် AA နှင့် ရက်ဆက်တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်သည်။

ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်က “မင်းတက်တောင်နဲ့ ပြိုင်းစေ့ကေ ရွာတွေအထိ တိုက်ပွဲရှိနေတယ်။ ကျောက်ဖြူ – စနဲ – ရမ်းဗြဲလမ်းကို ထိန်းချုပ်ဖို့ တက်လာနေတာ စစ်တပ်က။ အေအေက ဖြတ်တိုက်နေတယ်။ တောင်မော်ကြီး ရေတပ်စခန်း အနီးအထိပါ အေအေထိုးစစ်ရှိတယ်။ စစ်တပ်က ခရီးသည်တင် လေယာဉ်တွေကို အသုံးပြုပြီး ကျောက်ဖြူ လေဆိပ်တွေကို စစ်မှုထမ်း တပ်သားသစ်တွေ၊ လက်နက်ခဲယမ်းနဲ့ ဒရုန်းတွေ ပို့ဆောင် အင်အား ဖြည့်တင်းနေတယ်” ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်အတွင်း နိုဝင်ဘာ ပထမအပတ်မှ ပြန်လည်စတင်ခဲ့သည့် တိုက်ပွဲများသည် နိုဝင်ဘာလ ၁၇ ရက်နေ့ အထိ ပိုမိုကျယ်ပြန့်လာကာ ပြင်းထန်နေသည်။

လက်ရှိတွင် AA သည် အဝတောင်ကျေးရွာ အနီးတစ်ဝိုက်ကို ပိတ်ဆို့တိုက်ခိုက်နေသကဲ့သို့ တောင်မော်ဦးရေတပ် အနီးအထိပါ ထိုးစစ်ဆင်လျက် ရှိသည်။

အခြား စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးကလည်း “ကျောက်ဖြူ- ရမ်းဗြဲကားလမ်း သိုင်းချောင်းနဲ့ မင်းပြင် ဝန်းကျင်ကို အေအေက ပိုပြီး စစ်ရေးလှုပ်ရှားလာတော့ စစ်တပ်က စစ်ကြောင်းတစ်ကြောင်း ထပ်ထိုးတာ။ စစ်တပ်က လေကြောင်း၊ ရေကြောင်းကပါ တိုက်နေတယ်။ သံဇစ်မြစ်ထဲက လက်နက်ကြီး လှမ်းပစ်တာရှိတယ်၊ စစ်ကူပို့တဲ့ စစ်တပ်စစ်ကြောင်း နှစ်ခုကို အေအေ ကြားဖြတ်တိုက်ခိုက်နေတယ်။ အကျအဆုံးကတော့ နှစ်ဖက် လုံးရှိတယ်” ဟု မြေပြင်အခြေအနေကို ပြောသည်။

စစ်အုပ်စုတပ်သည် ယခုတိုက်ပွဲများတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့်အပြင် ကျောက်ဖြူ သံဇစ်မြစ် အတွင်းရှိ ရေတပ်စစ်ရေယာဉ်များမှလည်း အနီးဝန်းကျင်ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ သည်။

ထို့ပြင် စစ်အုပ်စုတပ်သည် အရပ်ဘက်သုံး ခရီးသည်တင်လေယာဉ်များကို အသုံးပြုကာ စစ်တွေနှင့် ကျောက်ဖြူ လေဆိပ်များသို့ စစ်မှုထမ်း တပ်သားသစ် (ပစ) များအပါအဝင် တပ်ဖွဲ့ဝင်များ၊ လက်နက်ခဲယမ်းများနှင့် ဒရုန်းများ ကို ပို့ဆောင်၍ အင်အားဖြည့်တင်းလျက် ရှိသည်။

စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့များကို ဆက်လက်သိမ်းပိုက်သွားမည်ဟု နိုဝင်ဘာလ ၁၃ ရက်နေ့တွင် AA က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် စစ်အုပ်စုတပ်သည် ရခိုင်ပြည်အတွင်း ခုခံစစ်နှင့် ထိုးစစ်များကို အရှိန်မြှင့် လုပ်ဆောင်လာခြင်း ဖြစ်သည်။

ပုံစာ – အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ / (ဓာတ်ပုံ – Original uploader)