ရေဘေးကာလ အလစ်အငိုက်ကို အခွင့်ကောင်းယူပြီး အဝတောင်စခန်းကို စစ်တပ် ထိုးစစ်ဆင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်။ 

ရခိုင်ပြည်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ရေကြီးရေလျှံမှု ဘေးဒုက္ခနှင့် ရင်ဆိုင်နေရချိန်တွင် စစ်တပ်က ကျောက်ဖြူမြို့နယ်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အဝတောင် ကျေးရွာစခန်းကို မိုးထဲလေထဲ၌ အလစ်အငိုက် ထိုးစစ်ဆင်ခဲ့သဖြင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

ကျောက်ဖြူမြို့နယ်ရှိ အဝတောင်ကျေးရွာနှင့် စစ်တပ်၏ တောင်မော်ဦးရေတပ်စခန်း ဌာနချုပ်သည် နှစ်မိုင်ခန့် သာ ကွာဝေးပြီး၊ အဆိုပါ အဝတောင်စခန်းကို စစ်တပ်တပ်က ပြန်လည်ရယူရန် ကြိုးပမ်းနေသည်မှာ နှစ်နှစ်ကျော် ကြာမြင့်လာပြီ ဖြစ်သည်။

ဇူလိုင်လ ၁၁ ရက်နေ့ နှင့် ၁၂ ရက်နေ့တို့တွင် တောင်မော်ဦးရေတပ်အနီး အဝတောင်ကျေးရွာဝန်းကျင်၌ စစ်တပ် နှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ ပြန်လည် ပြင်းထန်ခဲ့ခြင်းဖြစ်ပြီး၊ ဇူလိုင်လ ၁၃ ရက်နေ့အထိ ပစ်ခတ်မှုအချို့ ဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

ဒေသခံ စစ်ရေး သတင်းရင်းမြစ်တစ်ဦးက မိုးထဲရေထဲ စစ်တပ်က အလုံးအရင်းနဲ့ တက်လာတာ။ ဒီအချိန် ရခိုင်မှာ ရေမြုပ်နေတော့ (AA) တပ်ဖွဲ့ဝင်တချို့ ဆင်းကူရတာတွေရှိတော့ အင်အားလျော့ပြီး အငိုက်မိနိုင်တဲ့ အနေ အထား အခြေအနေမှာ လှုပ်ရှားတာပါ။ အင်အား ၂၀၀ လောက် ထပ်ဖြည့်ပြီး မူလအင်အားနဲ့ပေါင်းပြီး တိုက်ခဲ့ တာ။ အေအေကလည်း ထိသလို စစ်တပ်က အကျအဆုံးများတယ်၊ စစ်တပ်အရာရှိတချို့လည်း ကျပါတယ်ဟု ပြောသည်။

စစ်တပ်သည် တောင်မော်ဦးစစ်မျက်နှာတွင် ယခင်က အကျအဆုံး များပြားခဲ့သဖြင့် စစ်ကြောင်းထိုးမှုကို ခေတ္တ ရပ်နားထားခဲ့ရာမှ၊ ယခု ဇူလိုင်လပထမပတ်အတွင်း တောင်မော်ဦးဘက်မှတစ်ဆင့် ခန့်မှန်းအင်အား ၅၀၀ ခန့် အထိ ထပ်မံဖြည့်တင်းကာ အဝတောင်ရှိ AA ထိန်းချုပ်ရာနေရာများကို ပြန်လည်သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်လာ ခြင်း ဖြစ်သည်။

ဒေသခံ တစ်ဦးကလည်း မနေ့ညက ညနေဖက်ကတည်းက ဖြစ်နေကြတာ၊ ဇူလိုင်လ ၁၃ ရက်နေ့ မနက်ထိ ကြားနေရတယ်။ အထိအခိုက်တော့ မကြားရသေးဘူး။ လေကြောင်းကိုပဲ ဂရုစိုက်နေရတယ် ဟု ပြောသည်။

ယခုကဲ့သို့ သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် မိုးထဲလေထဲ အလစ်အငိုက် ထိုးစစ်ဆင်ခဲ့သော်လည်း နှစ်ဖက်တိုက်ပွဲအတွင်း ထိုးစစ်ဆင်လာသည့် စစ်တပ်ဘက်မှ စစ်သားအချို့ လက်နက်ချခဲ့သည့်အပြင် အထိအခိုက် အကျအဆုံးလည်း များပြားခဲ့သည်။ 

တိုက်ပွဲအတွင်း သေဆုံးသွားခဲ့သည့် စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများကို အာရက္ခတပ်တော် (AA) က စနစ်တကျ ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက အတည်ပြုသည်။

လက်ရှိတွင် ရခိုင်ဒေသ၌ ရက်ဆက်မိုးသည်းထန်စွာ ရွာသွန်းနေသည့်အတွက် ဒေသခံပြည်သူများသည် ရေဘေး အန္တရာယ်ကြားမှ စစ်ပွဲကြောင့် ထပ်မံပြောင်းရွှေ့ထွက်ပြေးရမည်ကို ထိတ်လန့်နေကြရသည်။ 

အထူးသဖြင့် စစ်တပ်သည် မြေပြင်တိုက်ပွဲများတွင် အထိနာလာပါက လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှု များကို ဆက်တိုက်ပြုလုပ်လေ့ရှိသောကြောင့် ဒေသခံများအနေဖြင့် လေကြောင်းရန်ကိစ္စကို ပိုမိုစိုးရိမ်ပူပန် နေကြရသည်ဟု ဆိုသည်။