နိုင်ငံတကာကြားနေမှု စစ်တပ်လူသတ်ရန် လမ်းဖွင့်ပေးခြင်းဖြစ်ဟု KHRW ဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်။ 

မြန်မာ့အရေးနှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝန်း၏ ကြားနေသည့် သဘောထားသည် စစ်တပ်က အရပ်သား ပြည်သူများအပေါ် ဖမ်းဆီး၊ သတ်ဖြတ်ရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက်ကျူး လွန်ရန် ခွင့်ပြုပေးလိုက်သည့် သဘောထားမျိုးဖြစ်ကြောင်း ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW) က ထောက်ပြဝေဖန်လိုက်သည်။

ကချင်ပြည်အတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ထုတ်ထားသည့် ‘လူသားမဆန်သော ရက်စက် သည့် လုပ်ရပ်များ’ အမည်ရ အစီရင်ခံစာတစ်စောင်ကို KHRW က ဇူလိုင်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး၊ ထိုအစီရင်ခံစာထဲတွင် ထည့်သွင်းပြောဆိုထားခြင်း ဖြစ်သည်။

နိုင်ငံတကာအနေဖြင့် ကြားနေသဘောထားမျိုး မဟုတ်ဘဲ စစ်အုပ်စုအပေါ် ပြတ်ပြတ်သားသား အရေးယူပိတ်ဆို့ မှုများကို လုပ်ဆောင်ပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည့် မြန်မာပြည်သူများဘက်၌ ပြတ်သားစွာ ရပ်တည် ပေးရန် KHRW ပြောရေးဆိုခွင့်ရှိသူ ဂျေကော့က တောင်းဆိုလိုက်သည်။

နိုင်ငံတကာ အနေဖြင့် ကြားနေဆုံးဖြတ်ချက် မဟုတ်ဘဲ ကျနော်တို့ ဒီလက်ရှိ အခြေအနေမှာဆိုရင် ကချင်ပြည် သာမကဘူးပေါ့ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ စစ်တပ်ကနေ ပြည်သူလူထုတွေကို မတရားဖမ်းဆီးတာ သတ်ဖြတ် တာ ပြီးတော့ ဒီလက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဒီလိုမျိုးတွေကြည့်ရင် ဒီစစ်တပ်ကတော့ ဒီလူသားမျိုးနွယ်တွေ ကို လူမျိုးတုန်းသတ်ဖြတ်နေတဲ့ အခြေအနေ ရှိပါတယ်။ဟု ဂျေကော့က ပြောသည်။  “ဒီလိုမျိုး အခြေအနေမှာ နိုင်ငံတကာ အဖွဲ့အစည်း နိုင်ငံ တကာ အစိုးရတွေ ဒီစစ်တပ်ကို မထောက်ပံ့ဘဲနဲ့ ထောက်ခံမှု မပေးဘဲနဲ့ ပြည်သူလူထုတွေနဲ့ ရပ်တည်ပေးဖို့ ဆိုလိုခြင်း ဖြစ်ပါတယ်ဗျ။ဟုဆက်ပြောသည်။ 

KHRW ၏ ထုတ်ပြန်ချက်အရ နိုင်ငံတကာ အစိုးရများအနေဖြင့် စစ်အုပ်စုထံသို့ ရောက်ရှိနေသော လေယာဉ်ဆီ၊ လက်နက်နှင့် ငွေကြေးအရင်းအမြစ်များကို ပိတ်ဆို့အရေးယူရန် ပျက်ကွက်ခြင်းသည် ကြားနေ ဆုံးဖြတ်ချက် တစ်ခု မဟုတ်ဘဲ၊ စစ်တပ်က အရပ်သားများကို ဆက်လက်ဗုံးကြဲသတ်ဖြတ်ရန် တက်ကြွစွာ ခွင့်ပြုပေးလိုက် သည့် ဆုံးဖြတ်ချက်ပင်ဖြစ်ကြောင်း ဆိုသည်။ 

ထို့ပြင် ကချင်ပြည်နှင့် နိုင်ငံတစ်ဝန်းတွင် စစ်အုပ်စု၏ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းမှာ နိုင်ငံတကာ အသိုင်းအဝန်းက ထိရောက်သော အရေးယူဆောင်ရွက်မှု မရှိခြင်းကြောင့်ဖြစ်ကြောင်း KHRW က ထောက်ပြ ထားသည်။

စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ကချင်ပြည်အတွင်း လူဦးရေ နှစ်သိန်းငါးသောင်းနီးပါးသည် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရပြီး၊ အဆိုပါအရေအတွက်သည် ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနား လူဦးရေ၏ တစ်ဆခွဲကျော်ပင်ရှိနေသည်။ 

၎င်းပြင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း၌လည်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ၊ ဒရုန်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကလေးငယ် ၇ ဦးအပါအဝင် လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့ရသည်။

စစ်တပ်သည် ကချင်ပြည်နှင့် မြန်မာနိုင်ငံမြောက်ပိုင်းတစ်ခွင်တွင် စစ်မျက်နှာအများအပြား ဖွင့်လှစ်ပြီး ထိုးစစ် ဆင်မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် စစ်ဘေးရှောင်များအတွက် အရေးပေါ်အကူအညီများ အပူတပြင်း လိုအပ်နေကြောင်း ကချင်အမျိုးသမီးအစည်းအရုံး – ထိုင်းနိုင်ငံ (KWAT) မှ ထောက်ပြသည်။

KWAT မှ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ တာဝန်ခံ ဆန်ထွယ်ကနိုင်ငံတကာ အဖွဲ့အစည်းတွေကို ကချင်ဒေသမှာ ဆက်ပြီးမှ စစ်ပဋိပက္ခတွေ ဖြစ်နေတယ်။ အဓိကကတော့ နေရာအစုံပေါ့နော်။ ကချင်ဒေသ သေးသေးလေးကို စစ်မျက်နှာပြင်က အများကြီးဖွင့်ပြီးမှ စစ်တိုက်ခိုက်နေတဲ့ အတွက်ကြောင့်မို့လို့ အကူအညီအထောက်အပံ့တွေ စစ်ရှောင်နေတဲ့ သူတွေအတွက် သာမကဘူးပေါ့နော်။ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းဒေသ အကုန်လုံးနီးပါးကို စစ် အင်အား ထိုးစစ်ဆင်နေတဲ့အတွက်ကြောင့်မို့လို့ ဒါတွေ ရပ်တန့်ဖို့အတွက် လူ့အခွင့်အရေးတွေ ရပ်တန့်ဖို့အတွက် ကျမတို့ နိုင်ငံတကာကို တောင်းဆိုချင်တဲ့အတွက်ကြောင့်မို့လို့ ဒီပွဲလေးကို လုပ်ဖြစ်တာဖြစ်ပါတယ်ပေါ့ဟု ပြောသည်။

ထို့ပြင် စစ်ကတပ်၏ ထိုးစစ်ဆင်မှုများအောက်တွင် ဒေသခံပြည်သူများသည် နေ့စဉ်နှင့်အမျှ အသက်အန္တရာယ် အပြင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကိုပါ ဆိုးရွားစွာ ကြုံတွေ့နေရဆဲ ဖြစ်သည်။

ဂျေကော့က လက်ရှိ ကချင်ပြည်နယ်ရဲ့ လူ့အခွင့်အရေး အခြေအနေကတော့ ပြည်သူလူထုတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရဆဲ ဖြစ်ပါတယ်။ ဒီတိုက်ပွဲဖြစ်တဲ့ကြားမှာ ပြည်သူလူထုတွေ သေဆုံးတာလိုမျိုး လက်နက်ထိ ပြီးမှ သေဆုံးတာ လက်နက်ထိပြီးမှ ဒဏ်ရာရတာတွေ ပြီးတော့ စစ်တပ်ကနေ ပြည်သူလူထုတွေကို မတရား ဖမ်းဆီးတာတွေ ဒီရိုက်နှက်တာတွေ ဆက်လက်ပြီးမှ ဒီလိုမျိုးတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေသေး ပါတယ်ဗျဟု လက်ရှိမြေပြင်အခြေအနေကို ရှင်းပြသည်။

ထို့ကြောင့် စစ်အုပ်စုကို ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်သည့်အထိ ကူညီဆောင်ရွက်ပေးရန် တောင်းဆို ကြောင်း ဂျေကော့ ဆက်လက်ပြောဆိုသည်။

အဓိကက နိုင်ငံတကာကို တောင်းဆိုချင်တာက ပြည်သူလူထုတွေကို နေ့စဉ်နဲ့အမျှ မတရားသတ်ဖြတ်တာ ဗုံးကြဲတာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဒီလိုမျိုး လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်နေတဲ့ စစ်တပ် ကို အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးဖို့ရန် ထပ်မံပြီးမှ ကျနော်တို့ KHRW အနေဖြင့် တောင်းဆိုချင်ပါတယ် ဗျ။” 

စစ်တပ်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို စစ်လက်နက်သဖွယ် အသုံးချကာ ဘေးဒုက္ခသည်များထံ ပေးပို့မှုများကို ပိတ်ပင်တားဆီးထားကြောင်း KHRW က ဖော်ပြသည်။ 

ထို့ပြင် အင်တာနက်နှင့် ဖုန်းလိုင်း ဖြတ်တောက်မှုများကြောင့် ဆက်သွယ်ရေး အခက်အခဲများ ကြုံတွေ့နေရပြီး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးပို့ရာတွင် အဆမတန် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်နေရ ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။