ကချင်ပြည်တွင် တစ်နှစ်အတွင်း အရပ်သား ၁၃၀ ကျော် သေဆုံးဟု KHRW ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၉ ရက်။
ကချင်ပြည်တွင် တစ်နှစ်အတွင်း စစ်ကော်မရှင်တပ်ကြောင့် အရပ်သား ၁၃၀ ကျော် သေဆုံးခဲ့ပြီးနောက် စစ်အုပ်စု၏ တရားဝင်မှုကို ငြင်းပယ်ရန် နိုင်ငံတကာကို KHRW က တောင်းဆိုလိုက်သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း ကချင်ပြည်တွင် စစ်ကော်မရှင်တပ်၏ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှု များကြောင့် အပြစ်မဲ့အရပ်သား ၁၃၀ ကျော် သေဆုံးခဲ့ရပြီးနောက် စစ်ကောင်စီ၏ တရားဝင်မှုကို ငြင်းပယ်ကာ နိုင်ငံတကာက ဖယ်ကြဉ်ထားရန် ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW) က ပြင်းပြင်းထန်ထန် တောင်းဆိုလိုက်သည်။
KHRW က ဇန်နဝါရီလ ၇ ရက်နေ့တွင် ထုတ်ပြန်သည့် ၂၀၂၅ ခုနှစ် နှစ်စဉ်အစီရင်ခံစာအရ တစ်နှစ်တာအတွင်း စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများကြောင့် အရပ်သား ၁၃၃ ဦး သေဆုံးကာ ၁၁၇ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ ကြောင်း ဖော်ပြထားသည်။
ထို့ပြင် အနည်းဆုံး ၅ ကြိမ်ထက်မနည်းမှာ လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့် လေကြောင်းဗုံးကြဲမှုများ ဖြစ်ပြီး ဗန်းမော်၊ တနိုင်းနှင့် ဖားကန့်မြို့နယ်ရှိ ဖြစ်စဉ်များသည် အဆိုးရွားဆုံးဖြစ်ခဲ့သည်။
စစ်ကော်မရှင်၏ ‘တရားဝင်မှု’ ဟူသော အချက်သည် အကြမ်းဖက်မှုများကို ဆက်လက်လုပ်ဆောင်နိုင်ရန် အသက်သွေးကြောသဖွယ် ဖြစ်နေကြောင်း KHRW ပြောရေးဆိုခွင့်ရှိသူ ဂျေကော့က ထောက်ပြထားသည်။
“တရားဝင်မှုဆိုတာ စစ်ကော်မရှင်ရဲ့ အသက်သွေးကြော ဖြစ်နေပါတယ်။ နိုင်ငံတကာနဲ့ အာဆီယံက သူတို့ကို အစိုးရတစ်ရပ် အနေနဲ့ ဆက်ဆံနေသရွေ့ကတော့ သူတို့ဟာ နိုင်ငံတကာဆီကနေ ငွေကြေးတွေ လက်နက်နဲ့ လေယာဉ်ဆီတွေကို တရားဝင် ဝယ်ယူခွင့် ရရှိနေအုံးမှာ ဖြစ်ပါတယ်။ ဒါတွေက ပြည်သူထုကို သတ်ဖြတ်နေတဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သူတို့ရဲ့ တရားဝင်မှုကို ငြင်းပယ်လိုက်ခြင်းဟာ သူတို့ရဲ့ အကြမ်းဖက် ယန္တရားကို ဖြတ်တောက်လိုက်ခြင်းနဲ့ အတူတူဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် စစ်ကော်မရှင်၏ အဓိကဝင်ငွေရလမ်းများ ဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ဘဏ်စနစ်များကို ထိရောက်စွာ ပိတ်ဆို့ရန်နှင့် လေယာဉ်ဆီ တင်သွင်းမှုကို နိုင်ငံတကာက ညီညီညွတ်ညွှတ် တားမြစ်ပေးရန်လည်း တောင်းဆိုထားသည်။
လေကြောင်း တိုက်ခိုက်မှုများသည် အရပ်သားများကိုသာမက စစ်ဘေးရှောင်စခန်းများ၊ ဘုရားကျောင်းများနှင့် ဈေးတန်းများကိုပါ ပစ်မှတ်ထားနေကြောင်း ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) (KWAT) ကလည်း ဝေဖန်ထားသည်။
KWAT စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ တာဝန်ခံ ဆန်ထွယ်က “မြန်မာစစ်တပ်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ကိုပဲ Target (ပစ်မှတ်) ထားပြီး စစ်ပွဲလုပ်နေတာ မဟုတ်ဘဲနဲ့ ပြည်သူတွေရှိတဲ့ စစ်ဘေးရှောင် စခန်းတွေ၊ IDP တွေ ခိုလှုံနေတဲ့ ဘုရားကျောင်းတွေမှာ၊ ပြည်သူတွေ အများအပြားရှိတဲ့ ဈေးတန်းတို့၊ ဆု တောင်းစည်းဝေး လုပ်တဲ့ နေရာတွေမှာရော မရှောင်ဘဲနဲ့ ဗုံးကြဲ တိုက်ခိုက်တာတွေကို ကျွန်မတို့ တွေ့ရတယ်။ ဒါက စစ်ရာဇဝတ်မှု ကို ကျူးလွန်ချိုးဖောက်တဲ့ လုပ်ရပ်လည်း ဖြစ်သလို ပြည်သူတွေကို Target ထားပြီးမှ လုပ်နေတဲ့ လုပ်ရပ် ဖြစ်တယ်” ဟု ပြောသည်။
KHRW အနေဖြင့် နိုင်ငံတကာနှင့် အာဆီယံ အစည်းအဝေးများတွင် စစ်ကော်မရှင် ကိုယ်စားလှယ်များကို ဖိတ်ကြားခြင်း မပြုဘဲ နိုင်ငံရေးအရ ဖယ်ကြဉ်ရန် တိုက်တွန်းထားပြီး၊ ပြည်သူများကို ထောက်လှမ်း တိုက်ခိုက် ရာတွင် အသုံးပြုနိုင်သည့် (Dual-use technology) နည်းပညာများနှင့် ဆက်သွယ်ရေးပစ္စည်းများ ရောင်းချမှု ကိုလည်း ကန့်သတ်ပိတ်ပင်ပေးရန် တောင်းဆိုထားသည်။
လက်ရှိတွင် ကချင်ပြည်အတွင်း စစ်ရေးပဋိပက္ခများ ပိုမိုပြင်းထန်လာနေပြီး စစ်ကော်မရှင်၏ လေကြောင်းနှင့် ဒရုန်း တိုက်ခိုက်မှုများကြောင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ ကြီးမားစွာ ထိခိုက်ဆုံးရှုံးနေရဆဲ ဖြစ်သည်။
ဓာတ်ပုံ – The Kachin Net