အမေရိကန်က စစ်ရေး ဘတ်ဂျက်ကို ၅၀% စံချိန်တင် တိုးမြှင့်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၉ ရက်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ၂၀၂၇ ခုနှစ်အတွက် စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို အမေရိကန်ဒေါ်လာ ၁.၅ ထရီလီယံအထိ တိုးမြှင့်ရန် တောင်းဆိုလိုက်သည်။
အဆိုပါ ပမာဏသည် လက်ရှိအသုံးစရိတ် ၉၀၁ ဘီလီယံထက် ၅၀ ရာခိုင်နှုန်းကျော် ပိုမိုများပြားလာခြင်းဖြစ်သည်။
သမ္မတထရန့်က လက်ရှိအချိန်မှာ အန္တရာယ်များပြားသော ကာလဖြစ်သည့်အတွက် ဘေးကင်းလုံခြုံမှုရှိစေရန် “စိတ်ကူးထဲကစစ်တပ်” (Dream Military) ကို တည်ဆောက်ရမည်ဖြစ်ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားခဲ့သည်။
အဆိုပါ ဘတ်ဂျက်အတွက် လိုအပ်သော ရန်ပုံငွေများကို အခြားနိုင်ငံများအပေါ် စည်းကြပ်ထားသည့် သွင်းကုန်ခွန်များမှ ရရှိမည်ဟု ဆိုသည်။
တစ်ဖက်တွင်လည်း စစ်လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီကြီးများအနေဖြင့် လက်နက်ထုတ်လုပ်မှုနှုန်း မြှင့်တင်ရန်နှင့် စက်ရုံသစ်များ တိုးချဲ့တည်ဆောက်ရန် ဖိအားပေးလျက်ရှိသည်။