လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများကို ကာကွယ်ပေးရန် နိုင်ငံတကာသို့ တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်

စစ်အုပ်စု၏ ပစ်မှတ်ထား စောင့်ကြည့်ခြင်း၊ နောက်ယောင်ခံလိုက်ခြင်းနှင့် မတရား ဖမ်းဆီးစစ်ဆေးခြင်းများ ကြားမှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်နေသည့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကို ကူညီ ထောက်ပံ့ပေးရန် ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW) က နိုင်ငံတကာသို့ တောင်းဆိုလိုက် သည်။

အခက်အခဲ အမျိုးမျိုးကြားမှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင် ဖော်ထုတ်နေသူများသည် စစ်အုပ်စုတပ်၏ စောင့်ကြည့်မှုများကြောင့် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှု၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာ များနှင့် ရင်ဆိုင်နေရပြီး ရှင်သန်ရပ်တည်ရေးအတွက်လည်း ပိုမို ခက်ခဲလာနေခြင်း ဖြစ်သည်။

လက်ရှိ ကြုံတွေ့နေရသည့် အခြေအနေများနှင့် ပတ်သက်၍ KHRW ပြောရေးဆိုခွင့်ရှိသူ ဆိုင်းမိုင်က အဖက် ဖက်ကနေ ပြီးတော့ သူတို့ကို စောင့်ကြည့်လေ့လာခံရတယ်။ နောက်ယောင်ခံ လိုက်ခံနေရတဲ့ အခြေအနေကြား ကနေပြီးတော့ ဒီလိုလုပ်ငန်းတွေ ဆက်ပြီးလုပ်နေရတဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ အနေနဲ့ ရေရှည်မှာရောပေါ့နော် ကျမတို့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေများလာတော့ ကျန်းမာရေး အခြေအနေတွေ စိတ်ဒဏ်ရာတွေ ပိုပိုပြီးတော့ ပင်ပန်းနွမ်းနယ်ပြီးတော့ ကျန်းမာရေး ရေရှည်အတွက်ပေါ့နော်။ စိတ်ပင်ပန်းမှု တွေ ဖိစီးမှုတွေ ပိုများလာတဲ့ အနေအထားတွေလည်း ကြုံတွေ့နေရတယ်လို့ ကျမတို့ အနေနဲ့ လုံခြုံရေး စိန်ခေါ်မှုတွေပေါ့နော်။ ဒါမျိုးတွေ ကြုံတွေ့နေရတယ် လို့ မြင်ရတယ် ဟု ပြောသည်။

ဩဂုတ်လ ၂၇ ရက်တွင် ထုတ်ပြန်သည့် KHRW ၏ “ကြောက်ရွံ့မှုများကြား၌ တိတ်ဆိတ်စွာ ရှင်သန်ရုန်းကန် ခြင်း” အစီရင်ခံစာ၌ ကချင်ပြည်နှင့် ရှမ်းပြည် မြောက်ပိုင်းရှိ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၏

လုံခြုံရေး စိန်ခေါ်မှုများ၊ ခရီးသွားလာရေး အခက်အခဲများနှင့် ရှင်သန်ရပ်တည်ရန် အကူအညီ လိုအပ်ချက်များကို နိုင်ငံတကာသို့ တောင်းဆိုထားသည်။

ကချင်နှင့် ရှမ်းမြောက် နည်းတူ မွန်၊ ကရင်နှင့် တနင်္သာရီတိုင်းတို့တွင်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကို စစ်အုပ်စုတပ်က ပိုမို ပစ်မှတ်ထားလာကြောင်း မွန်လူ့အခွင့် အရေး ဖောင်ဒေးရှင်း HURFOM ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန်က ထောက်ပြသည်။

အာဏာသိမ်းပြီး နောက်ပိုင်း လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူတွေ သတင်းမှတ်တမ်း တင်သူတွေ CSO ဝန်ထမ်းတွေအတွက် လုံခြုံရေး အခြေအနေက ပိုပြီး ခက်ခဲလာတာတွေ့ရတယ်။ အဓိက အန္တရာယ်တွေ ကတော့ မတရားဖမ်းဆီးတာတွေ စစ်ဆေးမေးမြန်းတာတွေ နောက်တစ်ခါ ညှင်းပန်းနှိပ်စက်တာတွေ စောင့် ကြည့်ခံရတာတွေ ဖုန်းတွေ digital device တွေကို စစ်ဆေးတာ သွားလာခွင့်ကန့်သတ်တာတွေ နောက်တစ်ခါ အွန်လိုင်း လုံခြုံရေး အန္တရာယ်တွေ ပါဝင်တာပေါ့နော်။ မတရားဖမ်းဆီးတာတွေ Target ထားတာ တွေနော် နောက်တစ်ခါ ပျောက်ဆုံးနေတာတွေ အဲဒါတွေပါ ဆက်ပြီးတော့ လိုက်ရှာနေရတာတွေရှိတယ်

ယခုကဲ့သို့ အခက်အခဲများနှင့် စိန်ခေါ်မှုများ ရှိနေသော်လည်း စစ်အုပ်စု၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက် မှတ်တမ်းတင်နိုင်ရန် လိုအပ်နေပြီး နိုင်ငံတကာအနေဖြင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် သူများအား ကူညီပံ့ပိုးမှုများကို ဆက်လက် ဆောင်ရွက်ပေးရန် KHRW က တောင်းဆိုထားသည်။

ဆိုင်းမိုင်က ကျမတို့ရဲ့ ပြည်သူတွေ ကျမတို့ရဲ့ နိုင်ငံထဲက အခုကြုံတွေ့နေရတဲ့ စစ်မက်တွေကြားမှာ ဓားစာခံ ဖြစ်နေတဲ့ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတဲ့ ပြည်သူတွေရဲ့ အခြေအနေတွေကို သတင်းအမှန်တွေ ထုတ်ဖော်ပေးနိုင်ဖို့ မှတ်တမ်းတင်နိုင်ဖို့ နောင်တစ်ချိန်မှာ ကျမတို့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ တရားမျှတမှုတွေ ပြန်လည် ရှာဖွေနိုင်ဖို့တွေ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေ ဖြစ်တဲ့အတွက် ဒီဟာကို ပြန်ပြီးတော့ ကျမတို့ရဲ့ တောင်းဆိုချက်တွေကို စဉ်းစားပြီး​တော့ ပြန်ပြီးတော့ လက်ခံပြီးတော့ ကူညီပေးစေချင်တယ်လို့ ပြောချင်ပါ တယ် ဟု ဆက် ပြောသည်။

လက်ရှိ မြန်မာနိုင်ငံအနှံ့တွင် စစ်အုပ်စုတပ်က စစ်ရေးပဋိပက္ခအတွင်း ပြည်သူများကို ကျေးရွာများမှ မောင်းထုတ် ခြင်း၊ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ လူသားဒိုင်ခံ ပြုလုပ်ခြင်းနှင့် လူငယ်များ ကို စစ်မှုထမ်းအဖြစ် အတင်းအဓမ္မ ဖမ်းဆီးခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက် ပြုလုပ် နေသည်။

ထို့ပြင် ပဋိပက္ခ ပြင်းထန်သည့် ဒေသအချို့တွင် ဖုန်းနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်ကာ သတင်း အချက်အလက် စီးဆင်းမှုကို ပိတ်ဆို့ထားသကဲ့သို့ အင်တာနက် သုံးနိုင်သည့် ဒေသများတွင်လည်း နည်းပညာဖြင့် စောင့်ကြည့် စစ်ဆေးလျက်ရှိသည်။

ထို့ကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် အရေးယူ ဆောင်ရွက်မှုများ ထိရောက်စွာ ပြုလုပ်ပေးရန်နှင့် ကူညီထောက်ပံ့မှု ပေးအပ်ရာတွင် ကန့်သတ်ချက်များ ဖြေလျော့၍ ဒေသခံ အဖွဲ့အစည်းများနှင့် တိုက်ရိုက် ချိတ် ဆက် ပံ့ပိုးပေးရန် နယ်မြေခံအဖွဲ့အစည်းများက တောင်းဆိုထားသည်။

ဓာတ်ပုံ – (ပုံဟောင်း / Crd)