စစ်မှုထမ်း ဥပဒေကို အကြောင်းပြ၍ လူထုထံမှ ခြိမ်းခြောက်ငွေညှစ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်။ 

မွန်ပြည်တွင် စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့များက ပြည်သူများထံမှ ငွေကြေး ကောက်ခံခြင်းနှင့် ခြိမ်းခြောက် ငွေညှစ်ခြင်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေကြသည်ဟု မွန်ပြည် လူ့အခွင့် အရေး ဖောင်ဒေးရှင်း (HURFOM) က ပြောသည်။ 

မော်လမြိုင်မြို့ပေါ်က ရပ်ကွက်များတွင် စစ်မှုထမ်းသွားသူများကို ထောက်ပံ့ရန်ဟု ဆိုကာ အိမ်ထောင်စု တစ်စု လျှင် ငွေကျပ် (၁၀,၀၀၀) မှ (၂၀,၀၀၀) အထိ ကောက်ခံနေပြီး၊ မပေးဆောင်နိုင်ပါက စစ်သင်တန်း တက်ရောက် ရန် စာရင်းပေးရမည်ဟု အုပ်ချုပ်ရေးမှူး အချို့က ခြိမ်းခြောက်ပြောဆိုမှုများ ရှိနေသည်ဟု HURFOM တာဝန်ရှိသူ နှင့် ဒေသခံများက ပြောသည်။

(HURFOM) အဖွဲ့ ဒါရိုက်တာ နိုင်အဲမွန်က ရှိပြီးသား စစ်မှုထမ်းတွေ၊ စစ်မှုထမ်း မဟုတ်တဲ့ ပြည်သူ့စစ်၊ ပြည်သူ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အတွက် စားဖို့သောက်ဖို့၊ uniform၊ လက်နက်ခဲယမ်းက အစ ပြည်သူတွေကနေ ထောက်ပံ့ရမယ်ဆိုတဲ့ သဘောမျိုး အမိန့်ပေး စေခိုင်းတာတွေ ရှိလာတယ်။ ဒါက စစ်မှုထမ်း နောက်ဆက်တွဲ ချိုးဖောက်မှုတွေပေါ့နော် ဟု ပြောသည်။

မော်လမြိုင်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့မှ ဇူလိုင်လ ၇ ရက်နေ့အထိ စစ်ကောင်စီတပ်မှ အစည်းအဝေး ခေါ်ယူကာ စစ်မှုထမ်း ထောက်ပံ့ကြေး အတွက် လစဉ် ငွေကြေး ကောက်ခံ ရန်နှင့် စစ်သင်တန်းသားများ ပေးပို့ရန် ဖိအားပေးခဲ့ခြင်း ဖြစ်သည်။

ထောက်ပံ့ကြေး ကောက်ခံရာတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ချောင်လည်သည့် မိသားစုများနှင့် စီးပွားရေး လုပ်ငန်းရှင်များကို ပစ်မှတ်ထားကာ ကောက်ခံနေသည်ဟု ဆိုသည်။ 

ထိုသို့ ကောက်ခံရတွင်လည်း ငွေပမာဏ များပြားစွာ တိုးမြှင့်ကောက်ခံလေ့ ရှိပြီး အချို့ထံမှ သိန်းနှင့်ချီ၍ ကောက်ခံမှုများပင် ရှိနေသည်ဟု နိုင်အဲမွန်က ဆိုသည်။

ရပ်ကျေး အုပ်ချုပ်ရေးကနေ သူတို့သိတယ်။ ဘယ်အိမ်က၊ ဘယ်ရပ်ကွက်မှာ ဘယ်အိမ်က ချောင်လည်တယ်။ ဘယ်အိမ်က ပေးနိုင်ကမ်းနိုင်တယ်ဆိုတာ သူတို့သိကြတယ်။ သိတဲ့အခါကျတော့ အဲလိုအိမ်မျိုးတွေကို တိုးတိုး ကောက်တယ်။ စတိုးဆိုင်တွေတို့၊ လုပ်ငန်းရှိတဲ့အိမ်တွေ၊ စီးပွားရေး လုပ်တဲ့ အိမ်တွေဆို တိုးကောက်တယ်။ သိန်းနဲ့ချီ ကောက်တာ ရှိတယ်။” 

ငွေကြေးများ ကောက်ခံရာတွင် ရပ်ကျေး၊ ထွေအုပ်၊ ဒေသဆိုင်ရာ တပ်ဘက်ဆိုင်ရာ တာဝန်ရှိသူများမှ အဆင့် ဆင့် အခွင့်ကောင်းယူကာ လုပ်ဆောင်နေမှုများ ရှိနေသည်ဟု ဆိုသည်။

လူအင်အား လိုအပ်ချက် မြင့်မားနေသည့် စစ်ကောင်စီသည် မော်လမြိုင်၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော၊ ရေးနှင့် ကျိုက်ထိုမြို့နယ်များတွင် လူငယ်များကို အကြောင်းပြချက် အမျိုးမျိုးဖြင့် ဖမ်းဆီးလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။ 

ဒေသအတွင်း မူးယစ်ဆေးဝါး သုံးစွဲနေသည့် လူငယ်များကို ဖမ်းဆီးခြင်း၊ ခိုးမှု၊ လုယက်မှု ကျူးလွန်သူ တစ်ဦးကို ငွေကျပ် (၃၅) သိန်းခန့်မှ ကျပ်သိန်း(၅၀) သိန်းခန့်အထိ ပေးဝယ်ကာ စစ်မှုထမ်းရန် ပို့ဆောင်ခြင်းများလည်း ရှိနေသည်ဟု HURFOM ၏  စာရင်းများတွင် ဖော်ပြထားသည်။ 

မွန်ပြည်ရှိ မြို့နယ်အသီးသီးက စစ်မှုထမ်း သတ်မှတ်ချက် စာရင်းဝင်သည့် သင်တန်းသား ဦးရေ ၂,၀၀၀ ကျော် အား စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁ မှ ၁၂ အတွက် ပို့ဆောင်ခဲ့ပြီးဖြစ်ကာ အပတ်စဉ် ၉ အထိ သင်တန်းဆင်း သူများကို ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်ထားပြီး ဖြစ်သည်။