တနင်္သာရီတွင် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာရသူ သောင်းနှင့် ချီရှိပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်။ 

တနင်္သာရီတိုင်းတွင်းက တိုက်ပွဲများကြောင့် နှစ်လအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ခုနှစ်သောင်းခွဲ အထက် ရှိသွားပြီဟု မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) က ပြောသည်။

၂၀၂၅ ဧပြီလမှ စ၍ တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံ တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲများ ပြင်းထန်းမှုကြောင့် ဒေသခံပြည်သူ စစ်ဘေးတိမ်းရှောင်နေရသည်ဟု မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) ဒါရိုက်တာ နိုင်အဲမွန်က ပြောသည်။

ဒေသခံပြည်သူ ထွက်ပြေးတိမ်းရှောင်မှုတွေက မနှစ်ကထက်စာရင် ပိုများလာတယ်။ ကျနော်တို့ တွက်တာ တော့ (၇) သောင်း၊ (၈) သောင်း ပေါ့နော် အနည်းဆုံးတွက်ထားတာအဲ့ဒါက။ အများဆုံးကတော့ ကျနော် ထင်တယ် တစ်သိန်းကျော်ဗျ။ ကျနော်တို့က လက်ဆုပ်လက်ကိုင် မပြနိုင်လို့သာ မပြောတာ။ သွားရေးလာရေး ခက်ခဲတာလည်း တစ်ကြောင်း၊ အတည်ပြုမှု ရယူတဲ့ဟာလည်း ခက်ခဲတယ်လေ။”

လက်ရှိတွင် တနင်္သာရီတိုင်းထဲက လောင်းလုံးမြို့နယ်၊ ရေဖြူမြို့ အရှေ့မြောက်ဘက်၊ ထားဝယ် အရှေ့ဘက်ခြမ်း၊ တောင်ဘက်ခြမ်းနှင့် ‌သရက်ချောင်းမြို့နယ်တို့တွင် ဒေသခံတော်လှန်ရေး ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ် တို့ တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။ 

နိုင်အဲမွန်က “ပြီးခဲ့တဲ့ နှစ်ပတ် သုံးပတ်ကလည်း တိုက်ပွဲဖြစ်ပွားတာရှိတယ်။ လေကြောင်း တိုက်ခိုက်မှုတွေ လည်း ရှိတယ်။ တိုက်ပွဲတွေက ဆက်နေတဲ့ သဘောမှာရှိတယ်။ အလုံးအရင်း နေ့တိုင်း ပြင်းပြင်းထန်ထန် ဖြစ် ပွားနေတာမျိုး၊ စခန်းသိမ်းတိုက်ပွဲ ဖြစ်ပွားနေတာမျိုး မဟုတ်ဘဲနဲ့ သူတို့ နယ်မြေစိုးမိုးရေးကို အဓိက ပစ်မှတ် ထားပြီးတော့ တိုက်ပွဲဖြစ်နေတဲ့ သဘောရှိတယ်” ဟု ပြောသည်။

တိုက်ပွဲကြောင့် ဒေသခံပြည်သူများသည် ရေဖြူမြို့၊ ထားဝယ်မြို့နှင့် လောင်းလုံးမြို့နယ်ထဲက ကျောက်ဖြူ၊ ကြက်ယက်တွင်း၊ သဝင်ကျေးရွာများတွင် ထွက်ပြေးခိုလှုံနေကြသည်ဟု ဆိုသည်။ 

တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင်ဒေသခံများ၏ အခြေအနေကို နိုင်အဲမွန်က “လောလောဆယ် အင်မတန် ခက်ခဲတဲ့အခြေအနေမှာရှိတယ်။ ပြဿနာက တိုက်ပွဲကမရပ်သွားပဲနဲ့ ကြိုကြား ကြိုကြား ဆက်ပြီးဖြစ်နေ တယ်။ တစ်နေရာထဲမှာ ဖြစ်တာလည်း မဟုတ်ဘူး။ ဆိုတဲ့ခါကြတော့ တစ်ချို့က ဘယ်သွားလို့ ဘယ်ပြေးရမလဲ ဆိုတဲ့ အခြေအနေမှာတော့ ရှိပါတယ်” ဟု ပြောသည်။

ထို့အတူ မြေပြင်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသကဲ့သို့ မိုးရာသီကာလလည်း ဖြစ်သည့်အတွက် အဆိုပါ စစ်ဘေးရှောင် ပြည်သူများအတွက် အမိုးအကာများ၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများ အထူးလိုအပ်သည်ဟု (HURFOM) ဒါရိုက်တာ နိုင်အဲမွန်က ပြောသည်။ 

ဓါတ်ပုံ – နွေဦးမေတ္တာ စစ်ရှောင်ကူညီရေး အဖွဲ့