ကျောက်လုံးကြီး စခန်းပြန်ရရေး စစ်တပ်က လေကြောင်းပစ်ကူသုံး ထိုးစစ်ဆင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ KNLA ပူးပေါင်းတပ်များ သိမ်းပိုက်ထားသော ဗျူဟာမြောက် ကျောက်လုံးကြီး စခန်းကို ပြန်လည်ရရှိရန် စစ်တပ်က လေကြောင်းပစ်ကူများ သုံးစွဲကာ အင်အား အလုံး အရင်းဖြင့် ပြန်လည် ထိုးစစ်ဆင်နေသောကြောင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
နှစ်ပေါင်း ၂၀ ကျော်ကြာ စစ်တပ်အထိုင်ချ တပ်စွဲထားပြီး တနင်္သာရီမြစ်ကြောင်း တစ်လျှောက်လုံးကို စိုးမိုးထိန်း ချုပ်နိုင်သည့် အဆိုပါ ကာကင်းစခန်းကို မေလ ၁၉ ရက်နေ့မှစတင်ကာ ၁၁ ရက်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် မေလ ၂၉ ရက်နေ့တွင် KNLA တပ်မဟာ (၄) ဦးဆောင်သည့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်များက အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်လက်အောက်ခံ တပ်ဖွဲ့ဝင် အားလုံးနီးပါး ထွက်ပြေးသွားခဲ့သဖြင့် လက်နက်ခဲ ယမ်း အများအပြားကို မဟာမိတ်တပ်များက သိမ်းဆည်းရမိခဲ့သည်။
သို့သော် စခန်းလက်လွှတ်လိုက်ရပြီးခ ရက်ပိုင်းအကြာတွင် စစ်တပ်ဘက်က စစ်ကား ၈ စီးဖြင့် အင်အား ပြန်လည်ဖြည့်တင်းကာ ၎င်းတို့၏ အခြေစိုက်ဗျူဟာကုန်းနှင့် ပူးပေါင်း၍ ကျောက်လုံးကြီးကျေးရွာဘက်သို့ နေ့စဉ်နှင့်အမျှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ကာ စစ်ကြောင်းပြန်ထိုးလာခဲ့သည်။
KNU မြိတ်-ထားဝယ်ခရိုင်ထဲက ဒေသခံတစ်ဦးက “စခန်းသိမ်းပြီး စကစက ပြန်ဝင်လာတဲ့ အပိုင်းရှိတော့ အဲဒီမှာ တိုက်ပွဲဖြစ်တယ်။ အခုလက်ရှိ သိမ်းထားတဲ့စခန်းက ဗျူဟာရဲ့ ကာကင်းဖြစ်တယ်။ အဲဒီကာကင်းက လက်လွှတ်လိုက်ရတော့ ဗျူဟာက ပြန်လာပြီးတော့ ပြန်ထိုင်ဖို့ အဲဒီမှာ တိုက်ပွဲဖြစ်တယ်” ဟု ပြောသည်။
အဆိုပါ ကျောက်လုံးကြီးစခန်းသည် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်၊ အမှတ် (၂) ဗျူဟာလက်အောက်ခံ တပ်ရင်း (၄၃၃) က အခြေစိုက်ထားသည့် ကာကင်းစခန်းတစ်ခုဖြစ်ပြီး၊ မဟာမိတ်ပူးပေါင်းတပ်များဖြစ်ကြသည့် KNU၊ KNLA တပ်မဟာ (၄)၊ အမှတ် (၁) ဗျူဟာလက်အောက်ခံ KNDO တပ်ရင်း (၇)၊ KNLA တပ်ရင်း (၁၁၊ ၂၀၃) နှင့် တပ်မဟာ (၄) ဒရုန်းအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်တပ်ဘက်က ဇွန်လ ၄ ရက်နေ့ ညနေပိုင်းအထိ စခန်းကို ပြန်လည်မရရှိသေးသော်လည်း တိုက်ပွဲများမှာမူ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်သည်။
စစ်တပ်၏ လက်နက်ကြီးနှင့် လေကြောင်းဖြင့် နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကျောက်လုံးကြီး ကျေးရွာ အပါအဝင် အနီးနားရှိ ကျေးရွာများမှ ဒေသခံပြည်သူများသည် အိုးအိမ်များကို စွန့်ခွာကာ ဘေးလွတ်ရာ တောတောင်များထဲသို့ ထပ်မံထွက်ပြေး တိမ်းရှောင်နေကြရသည်။
စစ်ရှောင်များကိူ အကူအညီပေးနေသူ တစ်ဦးက “စခန်းသိမ်းတုန်းကလည်း ၁၀ ရက်ကျော်ကျော် ပြေးခဲ့ရပြီး ပြီ။ အခု ရွာထဲကို စစ်တပ်က ပြန်ဝင်လာသလို လေယာဉ်နဲ့ပါ လာကြဲတယ်။ အားလုံးကလည်း အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးခဲ့ရတယ။ အခုလလည်း တောထဲမှာက မိုးကလည်း ရွာနေတော့ ကလေးတွေရော လူကြီး တွေရော ဖျားနေတာ အများကြီးပဲ။ ရွာထဲလည်း ဘယ်တော့ ပြန်ရမှန်းမသိဘူး။ စားစရာလည်း မလောက်တော့ ဘူး” ဟု ပြောသည်။
လက်ရှိတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ကျောက်လုံးကြီးကျေးရွာ ဝန်းကျင်တွင် တိုက်ပွဲများ အဆုံးမသတ်သေးဘဲ ဆက်လက်ဖြစ်ပွားနေကြောင်း သတင်းမီဒီယာများကို အတည်ပြုပြောဆိုထားသည်။
တော်လှန်ရေးအင်အားစုများ ဘက်ကလည်း နယ်မြေစိုးမိုးရေးနှင့် စစ်ဘေးရှောင်ကူညီရေး လုပ်ငန်းများကို အတတ်နိုင်ဆုံး ဆောင်ရွက်နေသော်လည်း စစ်တပ်၏ လေကြောင်းအန္တရာယ်ကြောင့် လှုပ်ရှားရခက်ခဲနေ ကြောင်း နယ်မြေတွင်း သတင်းထုတ်ပြန်ထားသည်။