ရွေးကောက်ပွဲနေ့တွင် ရွာအတွင်း ဒရုန်းဗုံးချသည့်အတွက် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၁၃ ရက်။ 

ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပသည့်ရက်တွင် တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်း ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်သဖြင့် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

ရွေးကောက်ပွဲကျင်းပသည့် ဇန်နဝါရီလ ၁၁ ရက်နေ့၊ ညနေ ၅ နာရီခန့်တွင် တနင်္သာရီမြို့နယ်၊ မော်တုန်းကျေးရွာ အခြေစိုက် အမှတ် (၃၀၆) အမြောက်တပ်ရင်းက အနောက်မော်တုန်းကျေးရွာသို့ ဒရုန်းဖြင့် ဗုံးသီးနှစ်လုံး လာရောက် ကြဲချခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ ကွင်းပြင်၌ရှိနေသော နားလေးသည့် အဖွားအိုတစ်ဦး၏ လက် တွင် ဗုံးစထိမှန်ကာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မော်တုန်းရွာသားတစ်ဦးက ရွေးကောက်ပွဲလုပ်တဲ့ရက်မှာ ဒရုန်းနဲ့ ဗုံးနှစ်လုံး ပြိုင်တူ လာကြဲချတာ၊ ကွင်းပြင်ထဲမှာကျပြီး နားလေးနေတဲ့ အဖွားရဲ့လက်မှာ အစစင်ပြီး ထိသွားတာ ဟု ပြောသည်။

စစ်ကော်မရှင်တပ်သည် အနောက်မော်တုန်းကျေးရွာသို့ ဗုံးနှစ်လုံးကြဲချပြီးနောက် အနီးနားရှိ ကမ်းတိုကျေးရွာ သို့လည်း ဗုံးတစ်လုံး ထပ်မံကြဲချခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း ကမ်းတိုရွာသားတစ်ဦးက အတည်ပြု သည်။

တနင်္သာရီမြို့နယ်အတွင်း၌ ကျေးရွာအုပ်စု ၂၁ ခု၊ ကျေးရွာပေါင်း ၂၂၀ ကျော် ရှိသော်လည်း စစ်ကော်မရှင်သည် နယ်မြေမစိုးမိုးနိုင်သဖြင့် မြို့နယ်တစ်ခုလုံးတွင် မဲရုံ ၃ ရုံသာ ဖွင့်လှစ်နိုင်ခဲ့သည်။ 

စစ်ကော်မရှင်က ဖွင့်လှစ်ခဲ့သည့် မဲရုံများမှာ တနင်္သာရီမြို့ပေါ်ရှိ တပ်ဦးစာသင်ကျောင်း၊ မြို့မအားကစားကွင်းနှင့် ခမရ (၅၅၆) တပ်ရင်းရှိရာ ဇဝဲကျေးရွာတို့တွင်သာ ဖြစ်သည်။

ဒေသခံများ၏ ပြောပြချက်အရ စစ်ကော်မရှင်သည် ၎င်းတို့၏ ရွေးကောက်ပွဲကို အောင်မြင်အောင် ကျင်းပနိုင်ရန် အတွက် လွန်ခဲ့သည့် တစ်ပတ်ခန့်မှစ၍ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ နယ်ခြားရွာမှ ရေဖြူကျေးရွာ အထိ လုံခြုံရေးအင်အား တိုးမြှင့်ချထားခဲ့သည်။ 

ထို့အပြင် မြေမအုံနှင့် ပျို့အိုင်ကျေးရွာများတွင်လည်း လမ်းကင်းများ ချထားကာ လုံခြုံရေးတင်းကျပ်ထားသည့် ကြားမှ ကျေးရွာများအတွင်းသို့ ဒရုန်းဖြင့် ရမ်းသန်းဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

လက်ရှိတွင် တနင်္သာရီမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများသည် စစ်ကော်မရှင်၏ အတင်းအကျပ် မဲပေးခိုင်းမှု များ အပြင်၊ ယခုကဲ့သို့ လူနေကျေးရွာများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နေမှုများကြောင့် အသက်ဘေးအတွက် စိုးရိမ်ထိတ်လန့်နေကြသည်။