ကျောင်းဖွင့်ခါနီးတွင် တနင်္သာရီရှိ စာသင်ကျောင်းကို စစ်တပ် လေကြောင်းမှဗုံးကြဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်။
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အတွင်းရှိ တကူကျေးရွာ အထက်တန်းကျောင်းကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းဆောင် နှစ်ဆောင် ပြင်းထန်စွာ ပျက်စီးသွားခဲ့ကြောင်း ဒေသခံရွာသားများက ပြောသည်။
မေလ ၁၃ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် မြေပြင်၌ တစ်စုံတစ်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က တိုက်လေယာဉ်နှစ်စီးဖြင့် လာရောက်ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ကျောင်းဝင်းအတွင်းရှိ ကျောင်းဆောင် ၅ ဆောင်အနက် နှစ်ထပ်စာသင်ဆောင် တစ်ဆောင်နှင့် ရုံးခန်းပါရှိသည့် ကျောင်းဆောင်တို့ ပျက်စီးသွားခဲ့ရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အသက် ၅၀ အရွယ် ဒေသခံရွာသားတစ်ဦးက “ဝုန်း ဆိုပြီး အသံကြီး တစ်ချက် ကြားရတယ်။ ပြီးတာနဲ့ ပွိုင့်ဖိုက် (Point 5) ပစ်တဲ့အသံလည်း ကြားရတယ်။ ကျောင်းဖွင့်နေတဲ့ အချိန် မဟုတ် တော့ တော်သေးတာပေါ့” ဟု ပြောသည်။
ထို့ပြင် ထိုနေ့ နေ့လယ် ၁၂ နာရီ အချိန်ခန့်တွင်လည်း ကျေးရွာအနီးသို့ တိုက်လေယာဉ်တစ်စင်း ထပ်မံ ပျံသန်းလာ ခဲ့သော်လည်း ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ခြင်းမရှိကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။
လက်ရှိတွင် ကျောင်းဖွင့်ရာသီ ရောက်ရှိရန် နီးကပ်လာနေသည့်အချိန်၌ ယခုကဲ့သို့ စာသင်ကျောင်းများအထိ လေကြောင်းမှ ပစ်မှတ်ထားတိုက်ခိုက်ခံနေရခြင်းကြောင့် ကျောင်းသားမိဘများနှင့် ဒေသခံများအကြား သားသမီးများ၏ ပညာရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ လွန်စွာမြင့်တက်နေကြသည်။
စစ်တပ်သည် တကူကျေးရွာအတွင်း မြေပြင်တိုက်ပွဲများ မရှိဘဲ ဝေဟင်မှနေ၍ မကြာခဏဆိုသလို ဗုံးကြဲ တိုက်ခိုက်လေ့ရှိရာ ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့မှ ယနေ့ မေလလယ်အထိ ၎င်းကျေးရွာတစ်ရွာတည်းကိုပင် လေကြောင်းမှ (၄) ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။
ထိုသို့ ရက်ဆက် လေကြောင်းမှ တိုက်ခိုက်နေမှုများကြောင့် တကူကျေးရွာအတွင်း နေထိုင်သည့် အရပ်သား ပြည်သူ ၃ ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အလားတူ ဒေသခံပြည်သူများ၏ လူနေအိမ် ၃ ဆောင်လည်း လက်နက်ကြီးနှင့် ဗုံးစထိမှန်ကာ ပျက်စီးဆုံးရှုံးခဲ့ရ ကြောင်း ရွာသားများက ပြောသည်။