မိုးဗြဲတွင် မိုးစပါးစိုက်ပျိုးမှု ထက်ဝက်လျော့နည်း၊ ဆန်ဈေးထပ်တက်မည်ကို စစ်ဘေးရှောင်များ စိုးရိမ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်။
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင် စစ်ရေးမတည်ငြိမ်မှုနှင့် မြေပြင် အခြေ အနေများကြောင့် လာမည့်မိုးရာသီ စပါးစိုက်ပျိုးမှု လယ်ဧကထောင်နှင့်ချီ၍ ရပ်နားထားရသဖြင့် ဆန်ဈေးနှုန်း များ ထပ်မံမြင့်တက်လာမည်ကို ဒေသတွင်း ခိုလှုံနေသည့် စစ်ဘေးရှောင်များနှင့် ပြည်သူများ စိုးရိမ်နေကြသည်။
မိုးဗြဲမြို့၊ ဘီလူးချောင်းဘေး အနီးတစ်ဝိုက် ပတ်ပတ်လည်ရှိ လယ်ကွင်းများနှင့် ဘီလူးချောင်း အနောက်ဘက် ခြမ်းရှိ နောင်ခိုက်၊ လက်ပံကွင်း၊ စပါးကွင်းတို့တွင် လယ်ဧကတစ်ထောင်ကျော် ရှိသော်လည်း ယခုနှစ်တွင် မိုးစပါးစိုက်ပျိုးသူ ထက်ဝက်ကျော်ခန့် လျော့နည်းသွားခြင်း ဖြစ်ပြီး လက်ရှိအချိန်အထိ စိုက်ပျိုးသူ မရှိသ လောက် နည်းပါးနေဆဲ ဖြစ်သည်။
မိုးဗြဲမြို့အတွင်း ခိုလှုံနေသည့် စစ်ဘေးရှောင် ပြည်သူတစ်ဦးက ကြုံတွေ့နေရသည့် မြေပြင်အခြေအနေနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။
“လယ်ထဲဆင်းရင် တဝုန်းဝုန်းနဲ့ ဘယ်ချိန်ကျလာမလဲ မသိဘူး။ အသက်နဲ့ရင်းရတော့ စိုက်မယ့်လူ မရှိတော့ဘူး။ တချို့လည်း စိုက်ကြတယ်။ မကြောက်တတ်တဲ့လူ နည်းနည်းပါးပါးပေါ့။”
အလားတူ ဘီလူးချောင်း အရှေ့ဘက်ခြမ်းရှိ လယ်ကွင်းများမှာ စစ်တပ် လက်အောက်ခံ တပ်စခန်းများနှင့် နီးကပ် နေခြင်း၊ မိုးဗြဲဆည်မှ စိုက်ပျိုးရေရရှိနိုင်မှု အာမခံချက်မရှိခြင်း၊ ဒေသခံအများစု စစ်ဘေးရှောင်နေရခြင်းတို့အပြင် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် စက်သုံးဆီ ဈေးနှုန်းများ ၃ ဆခန့်အထိ မြင့်တက်လာခြင်းတို့ကြောင့် တောင်သူ များ မိုးစပါး မစိုက်ပျိုးနိုင်ကြခြင်း ဖြစ်သည်။
ထို့ပြင် စစ်တပ်က လယ်ကွင်းအတွင်း သွားရောက်သည့် တောင်သူများကို လုံခြုံရေးအကြောင်းပြ ပိတ်ပင်ခြင်း၊ ဒရုန်းများဖြင့် စောင့်ကြည့်ခြင်း၊ လယ်ကွင်းအချို့တွင် မြေမြုပ်မိုင်းအန္တရာယ်များ ရှိနေခြင်းနှင့် တောင်သူအချို့ ပေါ်တာဆွဲခံရခြင်းတို့ကြောင့် တောင်သူများ လယ်ယာလုပ်ငန်းခွင်သို့ မဆင်းရဲကြကြောင်း စစ်ဘေးရှောင်များက ပြောသည်။
မိုးဗြဲဒေသ၏ အနာဂတ် စားနပ်ရိက္ခာအခြေအနေအပေါ် ဒေသတွင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေး နေသူ တစ်ဦးကလည်း ယခုကဲ့သို့ သုံးသပ်ပြောဆိုသည်။
“မိုးဗြဲဆိုတာ ဆန်တအားထွက်တဲ့ ဒေသပဲလေ။ ဒီလိုနေရာတောင် မစိုက်နိုင်ဘူးဆိုတော့ လာမယ့်နှစ် ဆန်ဈေးကိုပဲ ခန့်မှန်းလို့ရနေပြီ။ အလုပ်သမားလည်း ခေါ်ရခက်တယ်လို့ ပြောနေကြတာပဲ။ စိုက်တဲ့သူလည်း ခုက အကုန်မရောက်သေးဘူးလေ။ ဒီမိုးရာသီ နည်းနည်းငြိမ်ရင်တော့ တော်တော်များများ ပြန်လာကြမှာပါ။”
မိုးဗြဲမြို့တွင် ရှမ်းမလေး၊ မနောသုခ၊ မနောနီ၊ ကောက်ညင်းဆန်၊ တောင်ယာဆန်နှင့် ဒေသထွက် ရှမ်းဆန်များကို အဓိက စိုက်ပျိုးကြပြီး လက်ရှိ မြေပြင်ပေါက်ဈေးအရ ဆန်တစ်အိတ်လျှင် ပျှမ်းမျှ မြန်မာကျပ်ငွေ ၁၆၀,၀၀၀ ဝန်းကျင်အထိ ရှိနေကြောင်း ဒေသခံများက ပြောသည်။