ရှမ်း-ကရင်နီအစပ်တွင် စစ်အုပ်စု လေကြောင်းမှ ဆက်တိုက်ဗုံးကြဲ၍ ပြည်သူများ စိုးရိမ်ထိတ်လန့်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်။
ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းကြောင်းတစ်လျှောက် စစ်အုပ်စုတပ်က စစ်ကြောင်းထိုး လာပြီးနောက် အရပ်သားများနေထိုင်ရာ ကျေးရွာများအထိ လေကြောင်းနှင့် ဒရုန်းများအသုံးပြုကာ ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်နေသဖြင့် ဒေသခံပြည်သူများနှင့် စစ်ဘေးရှောင်များမှာ လုံခြုံရေးအတွက် စိုးရိမ်နေကြသည်။
ထိုသို့ လေကြောင်းရန် စိုးရိမ်ရသည့် အခြေအနေများကြောင့် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စာသင် ကျောင်းများကို အရေးပေါ် ပိတ်ထားလိုက်ရသည်။
စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၉ နာရီခွဲဝန်းကျင်တွင်လည်း ဒီးမော့ဆိုမြို့နယ် ပဆေးလာကျေးရွာဘက်သို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စုတပ်က ဂျက်ဖိုက်တာ (၂) စီးဖြင့် ဗုံး (၈) လုံးခန့် ကြဲချခဲ့သလို၊ ခလရ (၁၀၂) တပ်ရင်းကလည်း လက်နက်ကြီးများဖြင့် (၅) ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထိုသို့ ရုတ်တရက် လေကြောင်းမှ ဝင်ရောက်တိုက်ခိုက်မှုကြောင့် စာမေးပွဲဖြေဆိုနေသည့် စစ်ဘေးရှောင် ကလေး ငယ်များနှင့် ဆရာ၊ ဆရာမများမှာ ဗုံးခိုကျင်းများထဲသို့ ဝင်ရောက်ပုန်းအောင်းခဲ့ကြရသည်။
“လေယာဉ်လာတဲ့အချိန်က ကျောင်းချိန်ဆိုတော့ အသံကြားတာနဲ့ ချက်ချင်း ကလေးတွေကို ဗုံးခိုကျင်းထဲ အရင် ပြေးခိုင်းရတယ်။ ပြီးမှ ခဏပြန်စောင့်ကြ။ လေယာဉ်ကလည်း ပျံတာ အရမ်းနိမ့်နိမ့်လေးပေါ့နော် အရမ်းနီး နီးကပ် ကပ်လေး ပျံတော့ အားလုံး အရမ်းကြောက်ကြတာ။ လေယာဉ်သံ ငြိမ်သွားတာနဲ့ ကလေးတွေ ပြန်ခိုင်း ပြီး ကျောင်းပိတ်ထားလိုက်ရတယ်” ဟု ဒီးမော့ဆို အနောက်ခြမ်းမှ ကျောင်းဆရာမတစ်ဦးက ပြောသည်။
လတ်တလောတွင် စစ်အုပ်စုတပ်သည် မိုးဗြဲမှတစ်ဆင့် နန်းမယ်ခုံမြို့ဘက်သို့ စစ်ကြောင်းထိုးလာနေပြီး ရှေ့ဆက် မတိုးနိုင်သည့်အဆုံး တိုက်ပွဲနှင့်မသက်ဆိုင်သည့် အရပ်သားပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေ ကြောင်း ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းကလည်း နန်းမယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ အရပ်သားထိခိုက်သေဆုံးမှု ရှိခဲ့သည်။
“ဒီရက်ပိုင်း လေကြောင်းရော၊ ဒရုန်းပါ တော်တော်စိပ်လာတယ်။ အမြဲတမ်းသတိထားနေရတယ်။ ကလေးတွေ အတွက်လည်း စိုးရိမ်ရသလို လူကြီးတွေလည်း တောင်ယာတို့လည်း သွားလို့မရဘူး။ ဘာမှ လုပ်ကိုင် စား သောက်လို့ရမဘူး။ နေ့ရော ညရော အမြဲသတိနဲ့ပဲနေနေရတယ်” ဟု စစ်ရှောင်တစ်ဦးက ပြောသည်။
ဒီးမော့ဆို အနောက်ဘက်ခြမ်းတွင် စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်းရန်ကြောင့် ကျောင်းများ မည်သည့်အချိန်တွင် ပြန်လည်ဖွင့်လှစ်နိုင်မည်ကို အတိအကျ မသိရသေးဘဲ စစ်ဘေးရှောင် ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ၌သာ သတိထားနေထိုင်ကြရန် ကူညီရေးအဖွဲ့များက တိုက်တွန်းထားသည်။
ယခု စက်တင်ဘာလအတွင်း စစ်အုပ်စုတပ်၏ လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒီးမော့ဆို၊ လွိုင်ကော်နှင့် မော်ချီးဒေသ တစ်ကြောတွင် ကလေးငယ်များ အပါအဝင် အရပ်သားပြည်သူ အယောက် (၂၀) နီးပါးခန့် ထိခိုက်သေဆုံးခဲ့ရပြီး ဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။
ဓါတ်ပုံ – (ဒီးမော့ဆို အနောက်ဘက်ခြမ်းတွင် စစ်အုပ်စု၏ လေကြောင်းရန်ကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည့် စစ်ဘေးရှောင် ကလေးငယ်များ။ / Crd)