လွိုင်ကော် – ဒီးမော့ဆို – ဖရူဆို – ဘောလခဲ လမ်းမကြီးကို ကရင်နီတပ်ပေါင်းစုက သွားလာခွင့် ပိတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။

ကရင်နီပြည်ထဲက လွိုင်ကော် – ဒီးမော့ဆို – ဖရူဆို – ဘောလခဲ လမ်းမကြီးကို ကရင်နီ အမျိုးသားများ ကာကွယ် ရေးတပ် – KNDF က သွားလာခွင့် ပိတ်လိုက်သည်။

မြေပြင်က စစ်ရေး အခြေအနေများကြောင့် အဆိုပါ လမ်းမကြီးကို ဖြတ်သန်း သွားလာခွင့် ပိတ်လိုက်ရခြင်း ဖြစ်သည်ဟု KNDF က ထုတ်ပြန်သည်။

လွိုင်ကော် – ဒီးမော့ဆို – ဖရူဆို – ဘောလခဲ လမ်းမကြီးအား မြေပြင်စစ်ရေး အခြေအနေအရ စက်တင်ဘာလ (၂၃) ရက်နေ့မှစ၍ အသုံးပြု၍ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် အများပြည်သူများအား အသိပေး အပ်ပါသည် ဟု ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၂၃ ရက်နေ့မှ စတင်၍ အဆိုပါ လမ်းမကြီးအား ဖြတ်သန်းသွားလာခြင်းမျိုး မလုပ်ကြရန် အများပြည်သူကို အသိပေးအပ်သည်ဟု ထုတ်ပြန်သည်။

ထို့အပြင် သြဂုတ်လက စတင်၍ ဒီးမော့ဆို – ဖရူဆိုကြား လမ်းမကြီးတလျှောက် ထိုးစစ်ဆင်လာသော စစ်ကော်မရှင်တပ်နှင့် ကရင်နီ တော်လှန်ရေး ပူးပေါင်းအဖွဲ့တို့ကြား မြေပြင်၌ ယနေ့ချိန်ထိ တိုက်ပွဲများ ဆက်ဖြစ်နေသည်။

ပြီးခဲ့သည့်ပတ်ကလည်း ဖရူဆိုမြို့ကို စစ်ကော်မရှင်၏ စစ်ယာဉ်တန်း ရောက်လာခဲ့ပြီး ရိက္ခာ၊ ခဲယမ်း၊ လူအင်အားများ ဖြည့်တင်းထားသည်ဟု မြေပြင် သတင်းအရင်းအမြစ်က ဆိုသည်။

အလားတူ စက်တင်ဘာလ ၂၀ ရက်နေ့ကစတင်ပြီး  ဘောလခဲ လမ်းမကြီးဖက်ကိုလည်း စစ်ကော်မရှင်တပ်က ဦးတည် စစ်ရေးလှုပ်ရှားမှုများ ရှိလာနေသည်ဟု KNDF က ဆိုသည်။

ထို့ကြောင့် ဘောလခဲလမ်းမကြီး ဘက်၌လည်း နှစ်ဖက်ကြား တိုက်ပွဲများ ဖြစ်နေသည့်အတွက် ပြည်သူများ အနေဖြင့် စစ်ရေး သတိရှိကြရန် KNDF က အသိပေး ထုတ်ပြန်ထားသည်။