စစ်ရှုံးနေသော စစ်တပ်က စိတ်ဓာတ်မြှင့်တင်ရန် AA နှင့် PDF အလင်းဝင်သည်ဟု ဝါဒဖြန့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်။

ဧရာဝတီနှင့် ရခိုင်စစ်မျက်နှာများတွင် စစ်ရေးအရ အထိနာနေချိန် စစ်တပ်အတွင်း စိတ်ဓာတ်အင်အား မြှင့်တင် ရန် အတွက် အနောက်တောင်တိုင်းစစ်ဌာနချုပ်တွင် AA နှင့် PDF များ လက်နက်ချအလင်းဝင်သည်ဟု စစ်တပ် က ဝါဒဖြန့်နေသည်ဟု ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) တွင် အာရက္ခတပ်တော် (AA) နှင့် PDF၊ ပကဖ အဖွဲ့ဝင် (၃၂) ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်သည့် အခမ်းအနားကို ဇူလိုင်လ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သည်။ 

လက်ရှိတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်သည် ၎င်း၏ရာထူးတည်မြဲရေးနှင့် တပ်တွင်းစိတ်ဓာတ်မြှင့်တင်ရန် အတွက် ယခုကဲ့သို့ အလင်းဝင်ရောက်ကြောင်း ဝါဒဖြန့်ပွဲမျိုးကို မေလ (၁၁) ရက်နေ့တွင် တစ်ကြိမ်၊ ယခု ဇူလိုင်လ (၂၉) ရက်နေ့တွင် တစ်ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရေကြည်ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီစစ်မျက်နှာမှာ အေအေက စခန်းတွေ သိမ်းနေတာ၊ အဲ့တော့ စစ်သားတွေ ပြည်သူ့စစ်တွေ ထွက်ပြေးနေတယ်၊ ဒါကြောင့် တခြားစစ်သားတွေ စိတ်ဓာတ်တက်ကြွအောင် အခုလိုပွဲလုပ်တာပါ၊ အခုအလင်းဝင်တဲ့သူတွေဟာ တပ်မိသားစုတွေလို့ သိရပါတယ် ဟု ပြောသည်။

နတခ စစ်တိုင်းမှူးများသည် AA နှင့် ပူးပေါင်းတပ်များကို စစ်ရေးအရ ရင်ဆိုင်နိုင်စွမ်းမရှိခြင်းကြောင့် ရာထူးမှ ဖယ်ရှားခံရခြင်းနှင့် အရန်တပ်သို့ ပို့ဆောင်ခံရခြင်းများ မကြာခဏ ဖြစ်ပေါ်နေသဖြင့် ယခုကဲ့သို့ လူစားထိုးကာ အလင်းဝင်ရောက်သည့် ဝါဒဖြန့်ပွဲများကို ဖန်တီးလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပုသိမ်စစ်ရေး သတင်းရင်း မြစ်က ဆိုသည်။

ပုသိမ် စစ်ရေးသတင်းရင်းမြစ် တစ်ဦးက လက်ရှိ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်က သူ့ရာထူးတည်မြဲ ရေးအတွက် ပြောင်းရွေ့လာပြီး လပိုင်းမှာ အလင်းဝင်တဲ့သူတွေကို မိဘကိုအပ်နှံပွဲလုပ်တယ်၊ ပြီးရင် အဲ့အလင်း ဝင်လာတဲ့သူတွေ ဘယ်မှာလဲ ဘယ်ကိုရောက်သွားလဲ လူတောသူတောမှာ ပေါ်ပေါ်တင်တင်သွားလာ လှုပ်ရှား မတွေ့ဘူးလေ။ ရန်ကုန်မှာ အလုပ်သွားလုပ်သလိုလို တပ်ထဲ ဝက်စာသွားကျွေးနေသလို ပျောက်နေကြတာ ဟု ပြောသည်။

အာရက္ခတပ်တော် (AA) နှင့် ရင်ဆိုင်တိုက်ခိုက်နေရသည့် ရခိုင်စစ်မျက်နှာနှင့် ဧရာဝတီနယ်စပ်ဒေသများတွင် စစ်တပ်က အင်အားအလုံးအရင်း အသုံးပြုကာ စစ်ကူပို့ဆောင် ဆင်နွှဲနေသော်လည်း တပ်ပျက်သည်အထိ အင်အားပြုန်းတီးမှုများကိုသာ ရင်ဆိုင်နေရချိန်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှ ယခုကဲ့သို့ အလင်းဝင်ရန် မဖြစ်နိုင်ကြောင်း ဒေသခံများက အတည်ပြုပြောဆိုကြသည်။

အဆိုပါ အလင်းဝင် အခမ်းအနားသို့ စစ်တပ်၏ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့် ဝန်ကြီးချုပ် ဦးအေးကျော်တို့ တက်ရောက်ခဲ့ကြပြီး၊ တပ်တွင်းမိသားစုဝင်များကိုသာ လူစားထိုးကာ AA နှင့် PDF များအဖြစ် လိမ်လည်ရိုက်ကူးပုံဖော်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

လက်ရှိတွင် အာရက္ခတပ်တော် (AA) နှင့် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များသည် ဧရာဝတီတိုင်း ရိုးမတောင်ခြေ အစပ်ရှိ ရေကြည်၊ သာပေါင်းနှင့် လေးမျက်နှာမြို့နယ်များအတွင်း စစ်တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်သား အများအပြား ထွက်ပြေးတိမ်းရှောင်နေကြရသည်။ 

ဆက်လက်၍ AA နှင့် ပူးပေါင်းတပ်ဖွဲ့တို့သည် ကပစ (၁၆) အနီးရှိ ပွိုင့် (၆၆၆) စခန်းကုန်းနှင့် ပွိုင့် (၅၀၀) ဗျူဟာကုန်း၏ ကာကင်းစခန်းများ အပါအဝင် စခန်းအများအပြားကို သိမ်းယူထားပြီးဖြစ်သည်။