မောင်တောတွင် မွတ်ဆလင်ဆရာများခန့်ပြီး ရခိုင်စာ သင်ကြားရန် AA နှင့် မွတ်စလင်ခေါင်းဆောင်များ သဘောတူ

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်

ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့် မွတ်ဆလင် ကျောင်းဆရာ၊ ဆရာမ အယောက် ၅၀၀ ခန့်အပ်သွားရန် အာရက္ခတပ်တော် (AA) နှင့် မွတ်ဆလင်ခေါင်းဆောင် များအကြား တွေ့ဆုံဆွေးနွေး သဘောတူညီခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲ အခမ်းအနားကို ဘူးသီးတောင်မြို့နယ်၌ ဇူလိုင်လ ၂၆ ရက် နေ့လယ်ပိုင်းက ကျင်းပခဲ့ခြင်းဖြစ် ပြီး မွတ်ဆလင်ဘာသာရေး မာဒရာဆာကျောင်း (၂၅) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအတွက် ရခိုင် စာပေ ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများကိုလည်း AA ဘက်က လှူဒါန်းခဲ့သည်။

အခမ်းအနားသို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မောင်တောခရိုင်ပါတီခရိုင်မှူး အပါအဝင် တာဝန်ရှိသူများ၊ မောင်တောခရိုင် အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ပညာရေးမှူး၊ ဘူးသီးတောင်မြို့နယ် ပါတီမြို့နယ်မှူး၊ ခရိုင်မွတ်ဆလင် ရေးရာ ကောင်စီအဖွဲ့ဝင်များ၊ မာဒရာဆာကျောင်းများမှ မော်လဝီဆရာများနှင့် ဗလီများရှိ ရှေ့ဆောင်မော်လဝီ ဆရာများ အပါအဝင် စုစုပေါင်း လူဦးရေ (၃၀၉) ဦး တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ဒေသခံ မွတ်ဆလင်အမျိုးသားတစ်ဦးက ကျနော်တို့လူမျိုးတွေ ရခိုင်စာ မတတ် တော့ ဆေးကုတာ၊ သွားရေးလာရေးကအစ ခက်ခဲပါတယ်။ ဒါကြောင့် အခုလို ရခိုင်ဘာသာကိုသင်ဖို့ သဘောတူ ပါတယ်ဟု ပြောသည်။ 

ထို့အပြင် မွတ်ဆလင်ကျောင်းသားလူငယ်များကို ခေတ်ပညာသင်ကြားပေးခြင်းကြောင့် မွတ်ဆလင် မာဒရာဆာ ကျောင်းများ ပျောက်ကွယ်သွားမည်ကို စိုးရိမ်စရာမလိုဘဲ အာရက္ခအစိုးရနှင့် ပူးပေါင်းဆောင်ရွက်သင့် ကြောင်း ကိုလည်း AA ဘက်က တိုက်တွန်းပြောဆိုခဲ့သည်ဟု ဒေသခံ မွတ်ဆလင်အသိုင်းအဝိုင်းက ဆိုသည်။

မွတ်ဆလင်အမျိုးသားတစ်ဦးက ကျနော်တို့ ဗလီတွေမှာ ဘာသာရေးစာသင်တဲ့ ကျောင်းတွေမှာ သင်ကြားပေး မှာပါ။ ဘာသာရေးစာနဲ့ ခေတ်ပညာပူးတွဲသင်ဖို့ သဘောတူကြပါတယ်၊ လူမျိုးနှစ်မျိုးအကြား အချိတ်အဆက် မရှိတာတွေအပြင် ရခိုင်နဲ့ မွတ်ဆလင်လူမျိုးတွေအကြား လူမှုသဟဇာတကျနိုင်ရေး ဝေးကွာလာရတာတွေ ဖြစ်ပေါ်လာရတယ် ဟု ပြောသည်။

ယခင် ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့သည့် အာဏာရှင်အစိုးရလက်ထက်က ရခိုင်နှင့် မွတ်ဆလင်အကြား လူမျိုးရေး ပြဿနာများ ဖန်တီးကာ အစိုးရဌာနများတွင် မွတ်ဆလင်များ တာဝန်ထမ်းဆောင်ခွင့် မပေးခြင်းနှင့် စာမတတ်အောင် နည်းမျိုးစုံဖြင့် ဖိနှိပ်ပိတ်ဆို့အုပ်ချုပ်ခဲ့ကြကြောင်း ဆွေးနွေးပွဲတွင် ထည့်သွင်းပြောဆိုခဲ့ကြ သည်။ 

လက်ရှိတွင် အာရက္ခ ပြည်သူ့တော်လှန်ရေး အစိုးရက မွတ်ဆလင်များကို အစိုးရဌာနဆိုင်ရာများတွင် တာဝန် ထမ်းဆောင်ခွင့် တန်းတူညီမျှ ခွင့်ပြုပေးထားပြီး လူမျိုးဘာသာ မခွဲခြားဘဲ ပညာသင်ကြားပေးနေသည်ဟု ဆိုသည်။

လက်ရှိနိုင်ငံရေးနှင့် စစ်ရေးအခြေအနေများတွင် မွတ်ဆလင်များသည် စစ်တပ်၏ အသုံးချခံမဖြစ်စေဘဲ တိုင်းပြည် တည်ဆောက်ရေး လုပ်ငန်းများ၌ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း မောင်တောခရိုင်ပါတီ ခရိုင်မှူးက တိုက်တွန်းပြောဆိုခဲ့သည်။

မောင်တောခရိုင်သည် မွတ်ဆလင်လူဦးရေ အများဆုံးနေထိုင်သည့် ခရိုင်တစ်ခုဖြစ်ပြီး လာမည့် ပညာသင်နှစ် အတွင်း အစိုးရကျောင်းများတွင် တာဝန်ထမ်းဆောင်နိုင်ရန် မွတ်ဆလင်ကျောင်းဆရာ၊ ဆရာမ (၅၀၀) ကို ခန့်အပ်ပေးသွားမည်ဖြစ်သည်။