ပလက်ဝတွင် ရခိုင်စာနှင့် မြန်မာစာကို စိတ်ကြိုက်တစ်ဘာသာ ရွေးချယ်သင်ယူနိုင်ဟု ULA ထုတ်ပြန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝခရိုင်အတွင်း အခြေခံပညာ ၁၂ တန်း သင်ရိုး၌ ရခိုင်စာပေ အစားထိုး သင်ကြားခိုင်းမှုအပေါ် ကန့်ကွက်မှုများ ထွက်ပေါ်နေချိန်တွင် ရခိုင်စာကို မသင်မနေရ မဟုတ်ဘဲ မြန်မာစာနှင့် ရခိုင်စာအနက် စိတ်ကြိုက်တစ်ဘာသာ ရွေးချယ် သင်ယူနိုင်ကြောင်း ULA က ထုတ်ပြန်လိုက်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ULA ၏ အာရက္ခအမျိုးသား ပညာရေးဌာနက စက်တင်ဘာလ ၉ ရက်တွင် ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။
ထုတ်ပြန်ချက်အရ ULA/AA ထိန်းချုပ်ထားသော ပလက်ဝခရိုင်အတွင်းမှ ၁၂ တန်း ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ရခိုင်ဘာသာနှင့် မြန်မာဘာသာ နှစ်ခုအနက် မိမိတို့ စိတ်ကြိုက် တစ်ဘာသာကို ရွေးချယ်သင်ယူနိုင်ပြီး အရွယ်ရောက်ပြီးသည့် လူငယ်များ ပညာသင်ကြားခွင့် ရရှိရေးကိုသာ အဓိက ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဆိုထားသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်အောက်မှ အကန့်အသတ်များကြားတွင် ဒေသခံ ပြည်သူ များ၏ လူမှုစီးပွား၊ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများကို ခေတ်ကာလနှင့် လျော်ညီသည့် မူဝါဒများဖြင့် ဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်တွင်းရှိ ကျောင်းဆရာတစ်ဦးက “ကျနော်တို့လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ကန့်ကွက်တာတွေ ဘာတွေ ကြားပါတယ်။ အခုလို ထုတ်ပြန်လိုက်တော့ သိသွားတာပေါ့။ ဘယ်နေရာမှာမဆို ဒေသခံလူမျိုးတွေ ကျောင်း သားတွေရဲ့ သဘောထားကို ကြည့်သင့်ပါတယ်။ အခုမှ စသင်ရမှာဆိုတော့ ကျောင်းသားရော ဆရာရော ခက်ခဲကြ ပါတယ်” ဟု ပြောသည်။
ပလက်ဝခရိုင်အတွင်း ၁၂ တန်း ရခိုင်စာ သင်ရိုးသစ်ကို မြန်မာစာနေရာတွင် အစားထိုး ရေးဆွဲထားသော်လည်း အတင်းအဓမ္မ မသင်မနေရ မဟုတ်ဘဲ နှစ်သက်ရာ ဘာသာကို ရွေးချယ်နိုင်သည့် မူဝါဒကို ကျင့်သုံးမည်ဟု ဆိုသည်။
လက်ရှိ ပလက်ဝခရိုင်အတွင်း ၁၂ တန်း ပညာသင်ယူနေသည့် ကျောင်းသား ၁၅၈ ဦး ရှိသည့်အနက် ရခိုင်လူမျိုး ၁၃၈ ဦး၊ ခူမီးလူမျိုး ၁၆ ဦး၊ ဒိုင်းနက်လူမျိုး ၃ ဦးနှင့် မြိုလူမျိုး ၁ ဦး ပါဝင်သည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ၏ ပလက်ဝခရိုင် အပါအဝင် ရခိုင်ပြည်တွင်းရှိ (ULA/AA ထိန်းချုပ်နယ်မြေတွင်းရှိ) ကျောင်းများတွင် ၁၂ တန်း သင်ရိုးသစ်နှင့် ပတ်သက်၍ ဝေဖန်မှုများ ရှိနေ သည့်အပြင် ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း (GKO) ကလည်း စက်တင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ချက်ထုတ်၍ ကန့်ကွက်ထားသည်။
အလားတူ ခူမီးအမျိုးသား စည်းလုံးညီညွတ်ရေးပါတီ (KNUP) ကလည်း အထက်တန်းသင်ရိုးသစ် ရေးဆွဲ၍ ရခိုင်ဘာသာစာဖြင့် ပြဌာန်းသင်ကြားမှုသည် ခူမီးချင်းလူမျိုးများနှင့် အခြား ချင်းတိုင်းရင်သားများအပေါ် မထီမဲ့မြင် ပြုလုပ်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ကန့်ကွက်ထားသည်။
ဒေသခံ ပြည်သူအများစု၏ သဘောဆန္ဒ မပါဘဲ ရခိုင်ဘာသာစကားဖြင့် သင်ရိုးညွှန်းတမ်း ပြဋ္ဌာန်းခြင်းသည် တိုင်းရင်းသားချင်း စိတ်ဝမ်းကွဲပြားစေနိုင်ကြောင်း GKO က ထောက်ပြထားခဲ့သည်။
ဓါတ်ပုံ – Crd