ရှမ်းပြည်၌ (၄) နှစ်အတွင်း လိင်နှင့် ဂျဲန်ဒါ အကြမ်းဖက်မှု ၁၇၂ မှုရှိလာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်။
ရှမ်းပြည်အတွင်း ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် လိင်နှင့် ဂျဲန်ဒါ အခြေပြု အကြမ်းဖက်မှု (SGBV) ဖြစ်စဉ်ပေါင်း ၁၇၂ မှု ဖြစ်ပွားခဲ့ကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) က ထုတ်ပြန်လိုက်သည်။
SWAN က ‘အကြမ်းဖက်မှုကို ရင်ဆိုင်ရချိန်တွင် တရားမျှတမှု ငြင်းပယ်ခံရခြင်း – လိင်နှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုနှင့် တရားမျှတမှုရရှိခွင့်’ အစီရင်ခံစာအသစ်ကို ဇူလိုင်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ယခုထုတ်ပြန်ချက်နှင့် ပတ်သက်၍ SWAN ၏ တာဝန်ခံ နန်းခမ်းအွန်က ယခုကဲ့သို့ ရှင်းပြခဲ့သည်။ “အဲ့ဒါက ကျမတို့ လက်လှမ်းမီတဲ့ နေရာတွေမှာပဲ အထူးသဖြင့် မြောက်ပိုင်း တချို့မြို့နယ်နဲ့ တောင်ပိုင်း တချို့ မြို့နယ် မှာပေါ့နော်။ ဒီ ၁၇၂ cases ပေါ့နော်။ အဲ့မှာဆိုလို့ရှိရင်တော့ အများအားဖြင့်က ကျမတို့ တွေ့ရှိချက်အရ အိမ်တွင်း အိမ်တွင်းအကြမ်းဖက်မှုနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ သူကနေပြီးတော့မှ ကျူးလွန်တဲ့ အကြမ်းဖက်မှုက ပိုများတယ်။ ဒေသကတော့ အများအားဖြင့်က တိုက်ပွဲဖြစ်ပြီးတော့မှ သူတို့ တခြားနေရာ ရွှေ့ပြောင်းနေတဲ့ အချိန်မှာ ဖြစ်တာများတယ်။”
SWAN ၏ အချက်အလက်များအရ အိမ်တွင်းနှင့် ရင်းနှီးသော လက်တွဲဖော်ကြား ဖြစ်ပွားသည့် အကြမ်းဖက်မှု ဖြစ်စဉ် ၈၉ မှုဖြင့် အများဆုံးဖြစ်ကြောင်း သိရသည်။ စစ်ပဋိပက္ခကြောင့် စီးပွားရေးကျဆင်းမှု ဖိအားများနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုတို့က အိမ်တွင်းအကြမ်းဖက်မှုများကို ပိုမိုဆိုးရွားလာစေကြောင်း နန်းခမ်းအွန်က ဆိုသည်။
ထို့ပြင် မုဒိမ်းကျင့်မှုနှင့် မုဒိမ်းကျင့်ရန် ကြိုးပမ်းမှုဖြစ်စဉ်ပေါင်း ၇၀ မှု ရှိခဲ့ပြီး အဆိုပါ အမှုကို ကျူးလွန်သူ ၁၅ ရာခိုင်နှုန်းမှာ စစ်အုပ်စုတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ စစ်သားများ ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အသက် ၃ နှစ်အရွယ် မိန်းကလေးငယ် အပါအဝင် အသက် ၁၈ နှစ်အောက် မုဒိမ်းကျင့်ခံရသူ ၃၀ ဦး ပါဝင်နေပြီး ပဋိပက္ခများအတွင်း မိန်းကလေးငယ်၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများမှာ ပိုမိုစိုးရိမ်ရသည့် အခြေအနေ တွင် ရှိနေသည်။
လက်ရှိ လုံခြုံရေး အခြေအနေများနှင့် ပတ်သက်၍ နန်းခမ်းအွန်က “ကျမတို့ ရှင်သန်လွတ်မြောက် လာတဲ့ သူထဲ မှာ ဆိုလို့ရှိရင် ကလေးငယ်တွေ ပါတယ်။ အခုအခြေအနေမှာ ဆိုလို့ရှိရင်လည်း ကျောင်းဆိုလို့ရှိ ရင်လည်း သေချာ ကောင်းကောင်း မဖွင့်နိုင်သေးဘူးပေါ့နော်။ ပြီးတော့မှ မိဘလည်း စားဝတ် နေရေးအတွက် အလုပ် သွားလုပ်တဲ့ အချိန်မှာ ဆိုလို့ရှိရင်လည်း ကလေးက ဒီလိုပဲထားခဲ့တာတို့ ရှိတော့ ပိုပြီးစိုးရိမ်ရတဲ့ အပိုင်းတွေ ရှိတယ်ပေါ့နော်။ ကလေးတွေ၊ ပြီးတော့မှ အသက်ကြီးတွေ၊ မသန်စွမ်းတွေ ပေါ့နော်။ ဒီလူတွေက အရမ်းကိုပဲ စိုးရိမ်ရပါတယ်။ အခုလက်ရှိ နိုင်ငံရေးရဲ့ အခြေအနေ စစ်အခြေအနေပေါ့လေ” ဟု ပြောသည်။
ထိခိုက်ခံစားရသူ ၇၀ ရာခိုင်နှုန်းကျော်သည် ဖြစ်စဉ်များကို ကျေးရွာခေါင်းဆောင်များထံ တိုင်ကြားခဲ့ကြသော် လည်း လျော်ကြေးပေးစေခြင်း၊ အတင်းအဓမ္မ လက်ထပ်ထိမ်းမြားစေခြင်းနှင့် အိမ်တွင်းအကြမ်းဖက်မှုကို မိသားစုတွင်း ကိစ္စအဖြစ် လျစ်လျူရှုခြင်းများကိုသာ ပြုလုပ်လေ့ရှိကြောင်း ဆိုသည်။ ထိုသို့ ရှင်သန်လွတ် မြောက်လာသူဘက်မှ တရားမျှတမှုမရှိသည့် ဆုံးဖြတ်ချက်များသာ ဖြစ်နေခြင်းကြောင့် တရားမျှတမှုရရှိရေးမှာ လက်ရှိအချိန်ထိ ကြီးမားသည့် စိန်ခေါ်ချက်တစ်ရပ် ဖြစ်နေဆဲ ဖြစ်သည်။
နန်းခမ်းအွန်က “အခုအခြေအနေမှာ အမျိုးသမီးအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို သမရိုးကျလိုမျိုး ထင် မြင်တာတို့ ရှုမြင်တာတို့ အဲ့လိုမျိုးမဖြစ်ပဲနဲ့ ဒီကိစ္စတွေက အရေးကြီးတယ်၊ ဒီဟာ ဖြေရှင်းနိုင်ဖို့ရယ် ပြီး တော့မှ ဟန့်တား ကာကွယ်ဖို့အတွက်လည်း အရမ်းအရေးကြီးတယ်ပေါ့နော်။ နောက်ပြီးတော့ ပထမအဆင့် ရပ်ရွာမှာ ရှိနေတဲ့ လူကြီးတွေ၊ တာဝန်ရှိသူတွေက ဒီဟာကို ပိုပြီးတော့မှ အရေးထားပေးဖို့ကိုလည်း ကျမ ပြောချင်တယ်” ဟု ဆက်ပြောသည်။
ထို့ပြင် စစ်အုပ်စုတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများမှ စစ်သားများ ကျူးလွန် သည့် လိင်နှင့်ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုများမှ ရှင်သန်လွတ်မြောက်လာသူများသည် ခြိမ်းခြောက်ခံရခြင်း၊ ဖြစ်စဉ်များကို ဖျောက်ဖျက်ခံရခြင်းတို့အပြင် ကျူးလွန်သူများ အပြစ်ပေးအရေးယူမခံရဘဲ လွတ်မြောက်နေခြင်း စသည့် ပိုမိုမြင့်မားသော အန္တရာယ်များကို ရင်ဆိုင်ခဲ့ကြရသည်။
ထို့ကြောင့် SWAN အနေဖြင့် ကျေးရွာဒေသန္တရ အုပ်ချုပ်ရေးများ၊ EROs နှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းစဉ် များတွင် ပါဝင်ဆောင်ရွက်နေသူ အားလုံးကို လိင်နှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုများမှ ရှင်သန်လွတ်မြောက် လာသူများအား ဗဟိုပြုသည့် တုံ့ပြန်ဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရေး အတွက် ဆောင်ရွက်ရန် တိုက်တွန်းထားသည်။