ဂျပန်လူဦးရေ ပထမဆုံးအကြိမ် သန်း ၁၂၀ အောက် လျော့ကျ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်။ 

ဂျပန်နိုင်ငံတွင် ကလေးမွေးဖွားနှုန်း ကျဆင်းလာပြီး လူအိုဦးရေ ပိုမိုများပြားလာခြင်းကြောင့် နိုင်ငံအတွင်း ဂျပန်နိုင်ငံသား လူဦးရေမှာ ၄၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သန်း ၁၂၀ အောက်သို့ လျော့ကျသွားကြောင်း အစိုးရ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။ 

ဂျပန် ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဂျပန်နိုင်ငံသား လူဦးရေမှာ ၁၁၉.၇၄ သန်း သာ ရှိတော့ပြီး၊ ၁၇ နှစ်ဆက်တိုက် လူဦးရေ လျော့နည်းကျဆင်းလာခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဂျပန်နိုင်ငံအတွင်း လာရောက်နေထိုင်သည့် နိုင်ငံခြားသား ဦးရေမှာ စံချိန်တင် မြင့်တက်လာခဲ့သဖြင့် နိုင်ငံခြားသားများ အပါအဝင် စုစုပေါင်း လူဦးရေမှာ ၁၂၃.၈ သန်း ရှိကြောင်း ဖော်ပြထားသည်။

အမျိုးသမီးတစ်ဦး၏ ပျမ်းမျှ ကလေးမွေးဖွားနှုန်း ၁.၁၄ အထိ အနိမ့်ဆုံးသို့ ကျဆင်းလာမှုကြောင့် လုပ်သားအင်အား လျော့နည်းလာခြင်း၊ လူမှုဖူလုံရေး စရိတ်များ မြင့်တက်လာခြင်းနှင့် အခွန်ဘဏ္ဍာ ရရှိမှု နည်းပါးလာခြင်းစသည့် စိန်ခေါ်မှုများကို ကြုံတွေ့နေရသည်။

အခြားတစ်ဖက်တွင် ကလေးမွေးဖွားနှုန်း ပြန်လည်မြင့်တက်လာရေး အထောက်အကူပြုရန်အတွက် တိုကျိုမြို့တော်အစိုးရက AI နည်းပညာသုံး အွန်လိုင်း မေတ္တာရှာဖွေရေး အက်ပလီကေးရှင်းကို မိတ်ဆက်ပေးခဲ့သည်။  

အဆိုပါ အက်ပလီကေးရှင်းမှတစ်ဆင့် စုံတွဲပေါင်း ၂၆၅ တွဲ ထိမ်းမြားမင်္ဂလာ ပြုလုပ်နိုင်ခဲ့ကြသည်ဟု ဆိုသည်။

Photo:AP