တရုတ်ကွန်မြူနစ်ပါတီ စုံညီအစည်းအဝေးတွင် ထိပ်တန်း အရာရှိ ၃၃ ဦးကို ပါတီမှ ထုတ်ပယ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်။
တရုတ်ကွန်မြူနစ်ပါတီ၏ ပဉ္စမအကြိမ်မြောက် စုံညီအစည်းအဝေး (5th Plenum) အပြီးတွင် အဂတိလိုက်စားမှုနှင့် စည်းကမ်းဖောက်ဖျက်မှုများကြောင့် စစ်ဘက်နှင့် နိုင်ငံရေးဆိုင်ရာ ထိပ်တန်း အရာရှိကြီး ၃၃ ဦးကို ပါတီမှ ထုတ်ပယ်လိုက်ကြောင်း အတည်ပြု ထုတ်ပြန်သည်။
ထုတ်ပယ်ခံရသူများတွင် ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌဟောင်း ကျန်းယိုရှား၊ ပေါ်လစ်ဗျူရို အဖွဲ့ဝင်ဟောင်း မာဆင်းရွေ့၊ စစ်ဘက်ခေါင်းဆောင်ဟောင်း လျူကျင်းလီ၊ ဝါရင့် သံတမန်ဟောင်း လျူကျန့်ချောင်း၊ စက်မှုဝန်ကြီးဟောင်း ကျင်းကျွမ်းလုံနှင့် စတော့အိတ်ချိန်း ထိန်းကျောင်းရေးအဖွဲ့ ဥက္ကဋ္ဌဟောင်း ရီဟွေမန်းတို့ အပါအဝင် ထိပ်သီး ခေါင်းဆောင်အများအပြား ပါဝင်သည်။
ဘေဂျင်းမြို့၌ လေးရက်ကြာ ကျင်းပခဲ့သည့် အဆိုပါ အစည်းအဝေးတွင် သမ္မတ ရှီကျင့်ပင်၏ ပါတီအတွင်း တင်းကျပ်စွာ ထိန်းကျောင်းရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး မူဝါဒများကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
သမ္မတ ရှီကျင့်ပင် အာဏာရလာသည့် ၂၀၁၂ ခုနှစ်မှစ၍ ပါတီဝင် ၂ သန်းကျော် အရေးယူခံခဲ့ရပြီး၊ ယခု ဖြုတ်ထုတ်ရှင်းမှုများကြောင့် အစည်းအဝေး တက်ရောက်သူ ဗဟိုကော်မတီဝင် အရေအတွက်သည် ရှီကျင့်ဖိန် ဦးဆောင်သည့် ၁၄ နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ၃၀၀ အောက် လျော့နည်းခဲ့သည်။
ထို့ပြင် အစည်းအဝေး၌ ကျန်ရှန့်မင်းအား ပေါ်လစ်ဗျူရို အဖွဲ့ဝင်သစ်အဖြစ် တိုးမြှင့်ခန့်အပ်ခဲ့ပြီး၊ လာမည့် ၂၀၂၇ ခုနှစ် ဒုတိယဝက်တွင် အလွန်အရေးပါသည့် (၂၁) ကြိမ်မြောက် အမျိုးသားပါတီကွန်ဂရက်ကို ဘေဂျင်းမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။