ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို အဖွဲ့ဝင် တစ်ဦးကို တရုတ် အရေးယူ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်။ 

တရုတ်ကွန်မြူနစ်ပါတီ၏ သြဇာအရှိဆုံး အဆင့်မြင့်ဆုံးခေါင်းဆောင်မှုအဖွဲ့ဖြစ်သည့် အဖွဲ့ဝင် ၂၄ ဦးပါ ပေါ်လစ်ဗျူရို (Politburo) ၏ အဖွဲ့ဝင်ဟောင်း မာရှင်းရွီ (Ma Xingrui) ကို အဂတိလိုက်စားမှုဖြင့် ပါတီမှ ထုတ်ပယ်လိုက်ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဇူလိုင် ၁၄ ရက် အင်္ဂါနေ့တွင် ကြေညာခဲ့သည်။

အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်သော မာရှင်းရွီသည် ၂၀၂၂ ခုနှစ်တွင် စတင်ခဲ့သည့် လက်ရှိပါတီသက်တမ်းအတွင်း ခြစားမှုဖြင့် စုံစမ်းစစ်ဆေးအရေးယူခြင်းခံရသည့် တတိယမြောက် ပေါ်လစ်ဗျူရိုအဖွဲ့ဝင် ဖြစ်လာခဲ့သည်။ 

၎င်းသည် လွန်ခဲ့သည့် ဧပြီလကတည်းက စုံစမ်းစစ်ဆေးမှုများ ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကတည်းက ပါတီ၏ အရေးကြီးအခမ်းအနားများတွင် တက်ရောက်ခြင်းမရှိဘဲ ပျောက်ကွယ်နေခဲ့သူ ဖြစ်သည်။

မာရှင်းရွီသည် တရုတ်နိုင်ငံ၏ ထိပ်တန်းအာကာသသိပ္ပံပညာရှင်တစ်ဦး ဖြစ်ပြီး တရုတ်နိုင်ငံ၏ လူလိုက်ပါသည့် အာကာသစီမံကိန်းတွင် ဒုတိယစစ်သေနာပတိချုပ်အဖြစ်လည်းကောင်း၊ မျိုးဆက်သစ်ဒုံးပျံစီမံကိန်းများတွင် ဗိုလ်ချုပ်ကြီးအဆင့်ဖြင့်လည်းကောင်း တာဝန်ယူခဲ့ဖူးသူ ဖြစ်သည်။

တရုတ်နိုင်ငံတွင် ၂၀၂၂ ခုနှစ်မှစတင်၍ ဗဟိုကော်မတီဝင် ၂၄ ဦးထက်မနည်း ထုတ်ပယ်ခြင်း သို့မဟုတ် စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။  

မနှစ်က တစ်နှစ်တည်းတွင်ပင် အစိုးရ၊ စစ်တပ်နှင့် နိုင်ငံပိုင်လုပ်ငန်းများမှ ထိပ်တန်းအရာရှိကြီး ၆၅ ဦးအထိ အရေးယူခဲ့သည်။ 

လတ်တလောတွင်လည်း တရုတ်ကာကွယ်ရေးဝန်ကြီးဟောင်း နှစ်ဦးကိုပါ ခြစားမှုဖြင့် သေဒဏ်အထိ စီရင်ချက်ချထားသည်။ 

ယခုလုပ်ရပ်များသည် သမ္မတ ရှီကျင့်ဖျင်အနေဖြင့် ပါတီနှင့် စစ်တပ်အတွင်း သစ္စာခံမှုရှိစေရန် ရှင်းလင်းရေးလှိုင်းကို ပိုမိုပြင်းထန်စွာ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ်ထားကြသည်။

Photo:Reuters