တောင်တရုတ်ပင်လယ်အရေး ဥရောပနိုင်ငံများ စွက်ဖက်ခြင်းမပြုရန် တရုတ်သတိပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်။
တောင်တရုတ်ပင်လယ်အရေးကိစ္စနှင့် ပတ်သက်၍ ဥရောပနိုင်ငံများအနေဖြင့် ပြောဆိုမှုများနှင့် လုပ်ဆောင်ချက်များကို သတိထားရန်နှင့် တရားမဝင်သော ဆုံးဖြတ်ချက်များကို ထောက်ခံအားပေးနေခြင်းအား ရပ်တန့်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့ (ဇူလိုင် ၁၄ ရက်) တွင် တရားဝင်သတိပေးပြောကြားလိုက်သည်။
တရုတ်နှင့် ဥရောပသမဂ္ဂ (EU) အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ထိခိုက်မှုမရှိစေရန်အတွက် အဆိုပါလုပ်ရပ်များကို ရှောင်ရှားရန် တရုတ်ဘက်က တောင်းဆိုထားခြင်း ဖြစ်သည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဥရောပနိုင်ငံအချို့ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဥရောပသမဂ္ဂ (EU) တို့က တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ နယ်မြေကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုမှုများသည် ဥပဒေကြောင်းအရ အခြေအမြစ်မရှိကြောင်း ပူးတွဲထုတ်ပြန်ခဲ့သည့်အပေါ် တရုတ်ဘက်က ယခုကဲ့သို့ ပြန်လည်တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန့် (Lin Jian) က ဥရောပသည် တောင်တရုတ်ပင်လယ်အရေးတွင် တိုက်ရိုက်သက်ဆိုင်သည့် အဖွဲ့အစည်းမဟုတ်သဖြင့် တရုတ်နိုင်ငံ၏ တရားဝင် အချုပ်အခြာအာဏာနှင့် ရေပိုင်နက်ဆိုင်ရာ အခွင့်အရေးများအပေါ် ဝေဖန်ပြောဆိုပိုင်ခွင့်မရှိကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
လက်ရှိတွင် တရုတ်အစိုးရသည် အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်သည့် နိုင်ငံများမှ သံရုံးအရာရှိများနှင့် တရုတ်နိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့ကို တရားဝင်ဆင့်ခေါ်၍ ပြင်းပြင်းထန်ထန် ကန့်ကွက်အရေးဆိုထားသည်။
Photo:AFP