အငြင်းပွား တောင်တရုတ်ပင်လယ်တွင် တရုတ်လှေမှ ပြင်းထန်သော အဆိပ်ငွေ့များ ဖမ်းဆီးရမိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၅ ရက်။ 

တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားနေသည့် သန္တာကျောက်တန်းတစ်ခုတွင် လှုပ်ရှားနေသော တရုတ်လှေများပေါ်မှ ဆိုင်ယာနိုက် (Cyanide) အဆိပ်ငွေ့များကို တွေ့ရှိခဲ့ကြောင်း ဖိလစ်ပိုင်လုံခြုံရေးတာဝန်ရှိသူများက တနင်္လာနေ့ (ဧပြီ ၁၃၊ ၂၀၂၆) တွင် ပြောကြားခဲ့သည်။

ဖိလစ်ပိုင် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ Cornelio Valencia က ဤလုပ်ရပ်သည် ရေနေသတ္တဝါများကို သေကျေပျက်စီးစေရန်နှင့် ထိုနေရာရှိ ဖိလစ်ပိုင်ရေတပ်သားများအတွက် အဓိကစားနပ်ရိက္ခာဖြစ်သော ငါးအရင်းအမြစ်များကို ဖြတ်တောက်ရန် ရည်ရွယ်သည့် နှောင့်ယှက်ဖျက်ဆီးမှု” ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဖိလစ်ပိုင် ရေတပ်က ပြီးခဲ့သည့်နှစ်အတွင်း Second Thomas Shoal (အယွန်ဂျင် သန္တာကျောက်တန်း) တွင် သိမ်းဆည်းရမိခဲ့သော ပုလင်းများကို ဓာတ်ခွဲခန်း၌ စစ်ဆေးခဲ့ရာ ပြင်းထန်သောအဆိပ်ဖြစ်သည့် ဆိုင်ယာနိုက် ပါဝင်နေကြောင်း အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

ဤအဆိပ်သည် သန္တာကျောက်တန်းများကို ပျက်စီးစေနိုင်ပြီး ဖိလစ်ပိုင်က ပိုင်နက်အထောက်အထား အဖြစ် တင်ထားသည့် စစ်သင်္ဘော (BRP Sierra Madre) ၏ တည်ငြိမ်မှုကိုပါ ထိခိုက်လာနိုင်ကြောင်း သတိပေးထားသည်။

သို့သော်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဤစွပ်စွဲချက်သည် လုပ်ကြံဖန်တီးထားသည့် “ပြကွက်” (Stunt) သာဖြစ်ကြောင်း ပယ်ချခဲ့သည်။ 

ဖိလစ်ပိုင်ဘက်က တရုတ်တံငါသည်များကို တရားမဝင် နှောင့်ယှက်ပြီး ရိက္ခာများကို လုယူကာ ယခုကဲ့သို့ ယုံကြည်စိတ်ချ၍မရသော ပုံပြင်များကို ဖန်တီးနေခြင်းဖြစ်ကြောင်း တရုတ်ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က တုံ့ပြန်ခဲ့သည်။

အဆိုပါ သန္တာကျောက်တန်းသည် ဖိလစ်ပိုင်၏ အထူးစီးပွားရေးဇုန် (EEZ) အတွင်း တည်ရှိသော်လည်း တရုတ်နိုင်ငံက ၎င်းတို့ပိုင်နက်အဖြစ် ရှေးယခင်ကတည်းက အခိုင်အမာ ပြောဆိုနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော ထိပ်တိုက်တွေ့ဆုံမှုတွင် ဖိလစ်ပိုင်ရေတပ်သားတစ်ဦး လက်ချောင်းတစ်ချောင်း ဆုံးရှုံးခဲ့ရသည်အထိ အခြေအနေ ပြင်းထန်ခဲ့ဖူးသည်။

နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ယုံကြည်မှု တည်ဆောက်ရေးအတွက် ဆွေးနွေးမှုများ ရှိနေသော်လည်း၊ ဖိလစ်ပိုင်ဘက်ကမူ ထိရှလွယ်သော စစ်ဆင်ရေးနယ်မြေများတွင် ပူးပေါင်းဆောင်ရွက်ရန် အစီအစဉ်မရှိကြောင်း ရှင်းလင်းထားသည်။

အထူးသဖြင့် အမေရိကန် ပြည်ထောင်စု၊ ဂျပန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား ပူးပေါင်း လုပ်ဆောင်မှုများ မြင့်တက်လာချိန်တွင် တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံအကြား တောင်တရုတ်ပင်လယ်ကျွန်းများ အငြင်းပွားမှုမှာ ပိုမို တင်းမာလာနေခဲ့သည်။