ဒေသတွင်းတင်းမာမှုကို တုံ့ပြန်ရန် ဂျပန်နှင့် ဖိလစ်ပိုင်တို့ လုံခြုံရေးစာချုပ်များ လက်မှတ်ရေးထိုး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၁၆ ရက်။ 

ဖိလစ်ပိုင်နှင့် ဂျပန်နိုင်ငံတို့သည် ဒေသတွင်း၌ တရုတ်၏ နယ်မြေချဲ့ထွင်လာမှုနှင့် တောင်တရုတ်ပင်လယ် တင်းမာမှုများကို ရင်ဆိုင်ရန်အတွက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်တွင် စစ်ဘက်ဆိုင်ရာ သဘောတူညီချက်နှစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ဤပူးပေါင်းဆောင်ရွက်မှုသည် အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင် သုံးနိုင်ငံ မဟာဗျူဟာမြောက် မဟာမိတ်ဖွဲ့မှုကို ပိုမိုခိုင်မာစေမည်ဟု ဖိလစ်ပိုင် သမ္မတက ပြောသည်။ 

ပထမသဘောတူညီချက်မှာ “စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှုနှင့် ဝန်ဆောင်မှု အပြန်အလှန်လဲလှယ်ရေး သဘောတူညီချက်” (ACSA) ဖြစ်ပြီး နှစ်နိုင်ငံစစ်တပ်အချင်းချင်း ရိက္ခာနှင့် အပိုပစ္စည်းများကို အပြန်အလှန် အလျင်အမြန် ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။ 

ဒုတိယအနေဖြင့် “တရားဝင် လုံခြုံရေး အကူအညီ” (OSA) အစီအစဉ်အရ ဂျပန်နိုင်ငံက ဖိလစ်ပိုင်သို့ အမေရိကန်ဒေါ်လာ ၆ သန်း ထောက်ပံ့မည်ဖြစ်ကာ အဆိုပါငွေကြေးကို ဂျပန်ကလှူဒါန်းထားသည့် အမြန်ပြေးမော်တော်ဘုတ်များ ထားရှိမည့် အဆောက်အအုံများ တည်ဆောက်ရာတွင် အသုံးပြုမည်ဖြစ်သည်။ 

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi က ပိုမိုဆိုးရွားလာသော မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ကြောင့် ဤသို့ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံလုံးက ပင်လယ်ရေကြောင်း လွတ်လပ်စွာ သွားလာခွင့်နှင့် တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ရန် ကတိပြုခဲ့ကြသည်။