အမေရိကန်တွင် ကရင်လူငယ်များဖြင့် ဖွဲ့စည်းထားသည့် K-Fam ဂိုဏ်းဝင်များကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၁၆ ရက်။
အမေရိကန်နိုင်ငံ၊ နီဘရားစကားပြည်နယ်၊ ဒေါက်ဂလပ်စ်ခရိုင်တွင် မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ ရွှေ့ပြောင်းလာသည့် ဒုက္ခသည် ကရင်လူငယ်များဖြင့် ဖွဲ့စည်းထားသော “K-Fam” အမည်ရှိ လူမိုက်ဂိုဏ်းဝင် (၃) ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။
လွန်ခဲ့သည့် စနေနေ့ ဇန္နဝါရီလ ၁၀ ရက် နံနက်ပိုင်းတွင် မော်တော်ယာဉ်တစ်စီးကို တားဆီးစစ်ဆေးရာမှ ယာဉ်မောင်းဖြစ်သူ အသက် (၃၀) အရွယ် ကပေါ်ထူး (Kapaw Htoo) မှာ မူးယစ်သောက်စားထားသည်ကို တွေ့ရှိခဲ့ရပြီး ကားပေါ်ပါ လူငယ် (၃) ဦးလုံးမှာ ဂိုဏ်းဝင်များဖြစ်ကြောင်း သိရှိခဲ့ရခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့၏ ရှာဖွေမှုအရ ကားအတွင်းမှ အခိုးခံထားရသည့် ပစ္စတိုသေနတ်များ၊ နံပါတ်ဖျက်ထားသည့် AR-15 ရိုင်ဖယ်တစ်လက်၊ အော်တိုပစ်ခတ်နိုင်ရန် ပြုပြင်ထားသည့် သေနတ်တစ်လက်နှင့် မျက်နှာဖုံးစွပ်များကို သိမ်းဆည်းရမိခဲ့သည်။
ယာဉ်မောင်း ကပေါ်ထူးအား မူးယစ်မောင်းနှင်မှု၊ ခိုးရာပါလက်နက် လက်ဝယ်ထားရှိမှုတို့ဖြင့် အမှုဖွင့်ထားပြီး အသက် (၂၂) နှစ်အရွယ် ကျော်ပွား (Kyaw Pwa) နှင့် အမည်မဖော်ပြသည့် အသက် (၁၇) နှစ်အရွယ် လူငယ်တစ်ဦးတို့ကိုလည်း လက်နက်မှုများဖြင့် တရားစွဲဆိုထားသည်။
K-Fam ဂိုဏ်းသည် အိုမားဟားမြို့အနီးရှိ ကရင်လူငယ်များဖြင့် အသစ်ဖွဲ့စည်းထားသည့် ဂိုဏ်းတစ်ခုဖြစ်ပြီး လက်နက်ကိုင်ဆောင်မှုနှင့် ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။