တရုတ်-ကနေဒါ ဆက်ဆံရေး ဦးမော့လာတော့မလား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၁၆ ရက်။
ကနေဒါဝန်ကြီးချုပ် မာ့က်ကာနေး (Mark Carney) နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ပေကျင်းမြို့တွင် တွေ့ဆုံခဲ့ကြပြီး ဆယ်စုနှစ်တစ်ခုနီးပါး တင်းမာခဲ့သည့် နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်ကုစားရန် ဆွေးနွေးခဲ့ကြသည်။
၂၀၁၈ ခုနှစ်တွင် Huawei အရာရှိ မုန့်ဝမ်ကျိုးကို ဗန်ကူးဗားမြို့၌ ဖမ်းဆီးခဲ့ရာမှစတင်ကာ နှစ်နိုင်ငံဆက်ဆံရေးမှာ အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြသည်။
ယခုခရီးစဉ်သည် အဆိုပါတင်းမာမှုများကို အဆုံးသတ်စေမည့် “သမိုင်းဝင်၍ အကျိုးသက်ရောက်မှုကြီးမားသော ခရီးစဉ်” ဖြစ်သည်ဟု အရာရှိများက သတ်မှတ်ကြသည်။
သမ္မတ ရှီကျင့်ဖျင်က ကနေဒါ-တရုတ် ဆက်ဆံရေး တိုးတက်စေရန်အတွက် အပြန်အလှန် လေးစားမှုရှိရန်၊ ယုံကြည်မှု တည်ဆောက်ရန်၊ အကျိုးတူ ဖွံ့ဖြိုးတိုးတက်ရန်နှင့် အပြန်အလှန် ညှိနှိုင်းဆောင်ရွက်ရန်ဟူသော အချက် (၄) ချက်ကို အဆိုပြုခဲ့သည်။
ယခုတွေ့ဆုံမှုတွင် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ကနေဒါမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ (LNG) များ တင်ပို့ရန်နှင့် တရုတ်နိုင်ငံမှ သန့်စင်စွမ်းအင်နည်းပညာ (Clean Tech) များ ပြန်လည်တင်သွင်းရန် သဘောတူညီခဲ့ကြသည်။
ထို့ပြင် အမေရိကန်အပေါ် စီးပွားရေးမှီခိုနေရမှုကို လျှော့ချရန်အတွက် “စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု လမ်းပြမြေပုံ” ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပြီး ရပ်တန့်နေသည့် တရုတ်ခရီးသွားလုပ်ငန်း ပြန်လည်စတင်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။