တရုတ်နှင့် အင်ဒိုနီးရှား စစ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် သဘောတူ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်။
ဂျကာတာတွင် ပြုလုပ်ခဲ့သည့် တရုတ်-အင်ဒိုနီးရှား (၂+၂) နိုင်ငံခြားရေးနှင့် ကာကွယ်ရေး ဝန်ကြီးများ အဆင့် အစည်းအဝေးတွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး အတွက် အရေးပါသော သဘောတူညီချက်များ ရရှိခဲ့ကြောင်း ရိုက်တာ သတင်းတပုဒ်တွင် ဖော်ပြသည်။
တရုတ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် စစ်ရေး၊ သတ္တုတွင်းထွက်များ၊ စွမ်းအင်၊ နည်းပညာ၊ AI၊ မီးရထားပို့ဆောင်ရေး၊ ဂြိုဟ်တုနှင့် ရေလုပ်ငန်း စသည့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူညီခဲ့ကြသည်။
စစ်ရေးပူးပေါင်းဆောင်ရွက်မှု အနေဖြင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၊ စစ်ဘက်အရာရှိများ လဲလှယ်ရေးနှင့် ကာကွယ်ရေးစက်မှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားမည်ဖြစ်သည်။
ပြီးခဲ့သည့်သီတင်းပတ်က ထိုင်ဝမ်အရှေ့ဘက် ပင်လယ်ပြင်တွင် တရုတ်နှင့် အင်ဒိုနီးရှား ရေတပ်တို့ ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့ကြသည်။ သို့သော် အင်ဒိုနီးရှားဘက်ကမူ ယင်းမှာ တရုတ်နှင့် သီးသန့် ပူးပေါင်းခြင်းမဟုတ်ဘဲ အမေရိကန်၊ ဂျပန်တို့နှင့် ပြုလုပ်လေ့ရှိသည့် ပုံမှန်စစ်ရေးလေ့ကျင့်မှုများကဲ့သို့ပင် ရိုးရိုးလေ့ကျင့်ခန်းတစ်ခုသာ ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်။
သမ္မတ ပရာဘိုဝို ဆူဘီယန်တို ဦးဆောင်သည့် အင်ဒိုနီးရှားနိုင်ငံသည် တရုတ်နှင့် ရင်းနှီးသော ဆက်ဆံရေးထူထောင်နေသကဲ့သို့ အမေရိကန်နှင့်လည်း ကုန်သွယ်ရေးနှင့် ကာကွယ်ရေး ဆက်ဆံရေးများကို တိုးချဲ့နေပြီး မည်သည့်ဘက်မှ မပါဝင်သည့် ဘက်မလိုက် မူဝါဒကို ကျင့်သုံးလျက်ရှိသည်။
တရုတ်သည် အင်ဒိုနီးရှား၏ အဓိက ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း အမေရိကန်ဒေါ်လာ ၃.၉ ဘီလီယံ ရင်းနှီးမြှုပ်နှံထားသည်။
အထူးသဖြင့် အင်ဒိုနီးရှား၏ နီကယ်ချက်လုပ်ရေး ကဏ္ဍတွင် တရုတ်က အများဆုံး ရင်းနှီးမြှုပ်နှံထားသော်လည်း အင်ဒိုနီးရှား၏ အခွန်အခ တိုးမြှင့်မှု၊ စည်းမျဉ်းသစ်များနှင့် ပတ်သက်၍ တရုတ်ကုမ္ပဏီအချို့၏ မကျေနပ်မှုများနှင့် ရင်ဆိုင်နေရသည်။