“ကျားဖြန့်”ခေါင်းဆောင် ချန်ကျိအား တရုတ်နိုင်ငံသို့ လွှဲပြောင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၈ ရက်။ 

ကမ္ဘောဒီးယားနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ချန်ကျိ (Chen Zhi) ကို ကမ္ဘောဒီးယား အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ 

ချန်ကျိနှင့်အတူ တရုတ်နိုင်ငံသားနှစ်ဦးဖြစ်သည့် ဇူဂျီလျန်းနှင့် ရှောက်ဂျီဝေ တို့ကိုလည်း တစ်ပါတည်း လွှဲပြောင်းခဲ့သည်။

Prince Group ကို တည်ထောင်သူဖြစ်သူ ချန်ကျိသည် ကမ္ဘာတစ်ဝန်းရှိ လူများအား ဒေါ်လာဘီလီယံချီ လိမ်လည်နေသည့် “ကျားဖြန့်” ဟုခေါ်ဆိုသော အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ဦးဆောင်နေသူအဖြစ် စွပ်စွဲခံထားရသည်။ 

၎င်းသည် သီဟာနုဗီးလ် (Sihanoukville) ရှိ ၎င်း၏ နည်းပညာဥယျာဉ်အတွင်း လူများအား အဓမ္မစေခိုင်းကာ ငွေလိမ်လုပ်ငန်းများ လုပ်ဆောင်စေခြင်းနှင့် ငွေကြေးခဝါချခြင်းများကို ကျူးလွန်ခဲ့သည်ဟု ဆိုသည်။

ချန်ကျိ၏ Prince Group သည် ဘဏ်လုပ်ငန်း၊ အိမ်ခြံမြေ၊ လေကြောင်းလိုင်းနှင့် ခရီးသွားလုပ်ငန်းအပါအဝင် လုပ်ငန်းအများအပြားကို လုပ်ကိုင်နေသဖြင့် ၎င်း၏ ရင်းနှီးမြှုပ်နှံသူများမှာ ငွေကြေးဆုံးရှုံးမည်ကို စိုးရိမ်လျက်ရှိသည်။ 

ချန်ကျိသည် ၂၀၁၄ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံသား ဖြစ်ခွင့်ရခဲ့သော်လည်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ၎င်း၏ နိုင်ငံသားအဖြစ်ကို ပယ်ဖျက်ခြင်း ခံခဲ့ရသည်။ 

အမေရိကန်က ၎င်း၏ ဘစ်ကွိုင် (Bitcoin) တန်ဖိုး ၁၄ ဘီလီယံခန့်နှင့် ဟောင်ကောင်၊ ထိုင်ဝမ်တို့ကလည်း ၎င်း၏ ပိုင်ဆိုင်မှုအများအပြားကို သိမ်းဆည်းထားပြီး ဖြစ်သည်။

ချန်ကျိမှာ တရုတ်ဥပဒေနှင့် အညီ စီရင်ခြင်းခံရမည် ဖြစ်သည်။