စစ်အုပ်စု၏ မူးယစ်နှင့် ကျားဖြန့်လုပ်ငန်းများတွင် ပတ်သက်မှုကို တရုတ်ပြန်လည်သုံးသပ်ရန် NUG တိုက်တွန်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်။

ဦးမင်းအောင်လှိုင်နှင့် စစ်အုပ်စုသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးခြင်းနှင့် ကျားဖြန့်ဟုခေါ်သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ကျယ်ပြန့်စွာ လုပ်ဆောင်နေသူများဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က စွပ်စွဲ ပြောဆိုလိုက်သည်။

ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံများဆိုင်ရာ အခြေခံဥပဒေ (AFTA Zero Draft) ရေးဆွဲပြီးစီးကြောင်း ရှင်းလင်းတင်ပြသည့် အခမ်းအနားတွင် NUG ၏ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်က တရုတ်နိုင်ငံအနေဖြင့် စစ်အုပ်စုအပေါ် ပံ့ပိုးကူညီနေမှုများကို ပြန်လည် သုံးသပ်ရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ကျနော်တရုတ်ကို တိုက်ရိုက်ပြောချင်တယ်။ သူတို့အားပေးတဲ့ မင်းအောင်လှိုင်က တိုင်းပြည်ကို ဖျက်ဆီးတဲ့ အပြင်မှာ တစ်ကမ္ဘာလုံးကို မူးယစ်ဆေးဝါးအများဆုံးဖြန့် ဖြူးတယ်။ ပြီးတော့ အွန်လိုင်း Scam တွေ တစ်ကမ္ဘာလုံးမှာ အကြီးဆုံး စင်တာဖြစ်အောင် လုပ်တယ်။ ကျနော်တို့ တိုင်းပြည်ဒုက္ခရောက် အောင်လုပ်တယ်။” ဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်က ဟု ပြောသည်။

“လူသန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်စေတဲ့လူကို ဆက်ပြီးတော့ ကူညီမလား။ တိုင်းပြည်ကို တည်ငြိမ်အောင် လုပ်နိုင်တဲ့လူ အနာဂတ်ကို မှန်မှန်ကန်ကန်နဲ့ တည်ဆောက်နိုင်မဲ့လူ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်နဲ့ ပြည်ထောင်စု ကို ထူထောင်နိုင်မဲ့လူ ကျနော်တို့ကို အားမပေးပဲနဲ့ အကြမ်းဖက်ဆီကနေ ရပ်တည်နေမလား။ အဲဒါ ရွေးချယ်ဖို့ ဖြစ်ပါတယ် ဟု ဖက်ဒရယ် ဝန်ကြီးက ဆက်ပြောသည်။

ဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်က စစ်အုပ်စု၏ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ အပေါ် စွပ်စွဲပြောဆိုခဲ့သော်လည်း၊ အဆိုပါလုပ်ငန်းများကို မည်သည့်ပုံစံဖြင့် မည်သို့ကျူးလွန်နေသည်ဆိုသည့် အသေးစိတ် အချက်အလက်များကိုမူ ထည့်သွင်းပြောဆိုခြင်း မရှိခဲ့ပေ။

စစ်အုပ်စု၏ လုပ်ရပ်များကြောင့် နိုင်ငံတည်ငြိမ်ရေးမှာ ဆိုးရွားစွာ ထိခိုက်နေကြောင်းနှင့် စစ်အုပ်စုသည် ဒေသတွင်းတည်ငြိမ်ရေးကို အာမခံနိုင်သူများမဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC) ကောင်စီဝင် ဦးတိုးကျော်လှိုင်ကလည်း သုံးသပ်သည်။

မင်းအောင်လှိုင်ဟာ ပြည်သူလူထုရဲ့ ထောက်ခံမှုရော ပြည်သူလူထုရဲ့ ယုံကြည်မှုရော ရထားတဲ့ လူတော့ မဟုတ်ဘူး။ တကယ် တရုတ်က လိုချင်တဲ့ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုကိုလည်း အာမခံနိုင်တဲ့ လူမျိုးမဟုတ်ဘူး။ သူရှိနေသရွေ့ နိုင်ငံအတွင်းမှာ မတည်ငြိမ်မှုတွေ၊ မငြိမ်းချမ်းတဲ့ အနေအထားတွေ ဖြစ်နေလိမ့်မယ်။ အဲတော့ နိုင်ငံအတွင်း မတည်ငြိမ်မှုတွေ၊ လုံခြုံမှုမရှိခြင်းတွေရဲ့ စတင်မြစ်ဖျားခံရာက ၂၀၂၁ အာဏာသိမ်းမှုကြောင့် ဖြစ်တယ်။ အဲဒါကို နိုင်ငံရေးအရ တရုတ်ကို နားဝင်အောင် တော်တော်ပြောရမယ်။

နိုင်ငံ၏ တည်ငြိမ်မှုနှင့် အေးချမ်းရေးကို လိုလားပါက စစ်အုပ်စု ခေါင်းဆောင် ဦးမင်းအောင်လှိုင်နှင့် စစ်အုပ်စုတစ်ခုလုံးကို ဖယ်ရှား ပြီးမှသာ ရရှိနိုင်မည်ဖြစ်ကြောင်း ဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်က ဆက်ပြောသည်။

တည်ငြိမ်မှုကို ဖျက်ဆီးနေတာ တိုင်းပြည်ကို သောင်းကျန်းပြီးတော့ ဖျက်ဆီးနေတာ မင်းအောင်လှိုင်နဲ့ အကြမ်းဖက် စစ်အုပ်စုပဲ ဖြစ်တယ်။ အဲလို အကြမ်းဖက် စစ်အုပ်စုတွေကို ကျနော်တို့ ဖယ်ရှားပြီးတော့မှ တိုင်းပြည်ကို တည်ငြိမ်အောင် လုပ်နိုင်တာ ငါတို့ဖြစ်တယ်။ အဲလိုလုပ်ရမဲ့ နည်းလမ်းက ဒါဖြစ်တယ်။ AFTA နည်းလမ်းဖြစ်တယ်ဆိုတာကို ကျနော်တို့ ပြသရမှာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးကို ပြောချင်တာက တိုင်းပြည် အနာဂတ်ကို ထူထောင်မဲ့လူတွေဟာ မင်းအောင်လှိုင်နဲ့ စစ်အုပ်စု မဟုတ်ဘူး။ ကျနော်တို့ ပြည်သူလူထုတွေ ဖြစ်တယ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ ဖြစ်တယ်။ ဖက်ဒရယ်ဒီမိုကရေစီကို ထူထောင်မယ့် လူထုတွေ ဖြစ်တယ်ဆိုတာကို ပြသချင်တာပါ။

လက်ရှိတွင် ဦးမင်းအောင်လှိုင်နှင့် စစ်အုပ်စုသည် ရက် ၁၀၀ စီမံချက်ကာလအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်တိုက် ကျူးလွန် နေကြောင်း လူ့အခွင့်အရေး အဖွဲ့များ၊ အမျိုးသမီးအဖွဲ့များနှင့် NUG က ထုတ်ပြန်ထားသည်။ 

ထို့ပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါးနှင့် နယ်စပ်ဒေသများရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှာ အရင်ကထက် ပိုမိုဆိုးရွား ကျယ်ပြန့်လာကြောင်း စောင့်ကြည့်လေ့လာသူများက ဆိုသည်။

အထူးသဖြင့် ထိုင်း-မြန်မာနယ်စပ်နှင့် တရုတ် – မြန်မာနယ်စပ်ဒေသများတွင် အဆိုပါလုပ်ငန်းများ ပိုမိုလှုပ်ရှား လာခြင်း ဖြစ်ပြီး ဒေသတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေကြောင်း သုံးသပ်ပြောဆိုထားသည်။