ကျားဖြန့် စခန်းမှ ထွက်လာသော နိုင်ငံခြားသားများ ထိုင်းနယ်စပ်တွင် သောင်တင်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်။ 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ DKBA ထိန်းချုပ်ထားသော မင်းလက်ပံကျေးရွာရှိ ကျားဖြန့်ဂိုဏ်းမှ နိုင်ငံခြား သား ၁,၀၀၀ ကျော် ထိုင်းနယ်စပ်တွင် သောင်တင်နေသည်။

မင်းလက်ပံကျေးရွာ မှ တရားမဝင် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်သား ၁,၀၀၀ ကျော်သည် သောင်ရင်း မြစ်ကို ဖြတ်ကူး၍ ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်ရန် ကြိုးစားခဲ့သော်လည်း ထိုင်းစစ်တပ်၏ လက်မခံမှုကြောင့် မြန်မာဘက် ကမ်းနဖူးတွင် သောင်တင်နေသည် ဟု နယ်စပ်သတင်းရင်းမြစ်များက ပြောသည်။ 

ထိုင်း-မြန်မာနယ်စပ်သတင်းရင်းမြစ်တစ်ဦးက မနေ့ညကတည်းက သောင်းရင်းမြစ် ကမ်းနဖူးမှာ လာစောင့် နေကြတာလို့ သတင်းရတယ်။ နိုင်ငံခြားသား ၁၀၀၀ ကျော်တယ်လို့ ပြောတယ်ဗျ။ ထိုင်းဘက်ကို ဝင်ဖို့ ကြိုးစား တာပေါ့ဗျာ။ မင်းလက်ပံကနေ လာကြတာ။ ထိုင်းက အဝင်မခံဘူးဟု ပြောသည်။

ထိုင်းနိုင်ငံဘက်ခြမ်းသို့ ဝင်ရောက်ရန် ကြိုးစားသော နိုင်ငံခြားသား ၁,၀၀၀ ကျော်ကို ထိုင်းစစ်တပ်က လက်မခံဘဲ မြစ်ကမ်းနဖူးတစ်လျှောက်တွင် တစ်ညလုံး စောင့်ကြည့် ပိတ်ဆို့ထားခဲ့သည်ဟု နယ်စပ်သတင်းရင်းမြစ်များက ပြောသည်။

သို့သော် သူတို့ ထိုင်းနိုင်ငံသားတွေကိုတော့ လက်ခံတယ်လို့တော့ ကြားတယ်ဗျ။ တခြားနိုင်ငံခြားသားတွေက တော့ ဒီနေ့အထိ ဆက်စောင့်နေတုန်းပဲလို့ ပြောတယ် ဟု အဆိုပါ နယ်စပ်သတင်းရင်းမြစ်က ဆက်ပြောသည်။

အဆိုပါ ဖြစ်စဉ်သည် ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံတပ်ဖွဲ့များက DKBA တပ်များ တပ်စွဲထားသည့် မင်းလက်ပံကျေးရွာရှိ ကြီးမားသော ခြံဝင်းကို နိုဝင်ဘာလ ၂၁ ရက်နေ့၊ တိုက်ပွဲများအပြီးတွင် သိမ်းပိုက်ရရှိခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ 

KNU က အဆိုပါခြံဝင်းအတွင်း လူရာပေါင်းများစွာကို တရားမဝင်ချုပ်နှောင်ထားသည့် ကျားဖြန့်အလုပ်ရုံများ ကို တွေ့ရှိခဲ့ကြောင်း ယမန်နေ့ (နိုဝင်ဘာ ၂၅ ရက်) က သတင်းထုတ်ပြန်ခဲ့သည်။

KNU ၏ ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် နိုဝင်ဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီခန့်တွင် တရုတ်၊ ဗီယက်နမ် နှင့် လာအိုနိုင်ငံသားများသည် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ဝင်ရောက်ရန် သောင်ရင်းမြစ်ကို ဖြတ်ကာ ထိုင်းနိုင်ငံ၊ မဲ့ကိုကင်းကျေးရွာဘက်သို့ ထွက်ခွာလာခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကော်မရှင်တပ်က မင်းလက်ပံကျေးရွာထိပ်သို့ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် ကျားဖြန့်လုပ်သား အများစုမှာ ယနေ့ ညနေပိုင်းတွင် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထပ်မံ ရောက်ရှိနေသည်ဟု မြေပြင် သတင်းရင်းမြစ်က ဆိုသည်။

DKBA ၏ အကာအကွယ်အောက်တွင်ရှိသော အဆိုပါ ကျားဖြန့်လုပ်ငန်းခွင်များသည် KNU ၏ ဝင်ရောက် စစ်ဆေးမှုများကြောင့် နိုင်ငံတကာ၏ အာရုံစိုက်မှုကို ခံနေရပြီး၊ KNU ကလည်း အဆိုပါ အလုပ်ရုံများမှ အခြေ အနေများကို စုံစမ်းဖော်ထုတ်ရန် နိုင်ငံတကာသို့ အကူအညီတောင်းခံထားသည်။