အိန္ဒိယ နယ်စပ် စစ်ရှောင်များအကြား ဖြစ်ပွားနေသည့် ဝမ်းလျှောရောဂါ ထိန်းချုပ်နိုင်ပြီ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်။
မြန်မာ-အိန္ဒိယနယ်စပ်၊ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ မြန်မာနိုင်ငံမှ စစ်ဘေးရှောင် များ ခိုလှုံရာစခန်းများတွင် ဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျှော ကူးစက်ရောဂါကို ထိန်းချုပ်နိုင်ပြီဟု တာဝန်ရှိသူ များကပြောသည်။
ချင်းပြည် (ပလက်ဝနှင့် ဆမီးမြို့နယ်) မှ စစ်ဘေးရှောင်များ အကြား နိုဝင်ဘာလဆန်းပိုင်းမှ စတင်ဖြစ်ပွားခဲ့သော ပြင်းထန်သည့် ဝမ်းပျက်ဝမ်းလျှော ကူးစက်ရောဂါကို လက်ရှိတွင် အပြည့်အဝနီးပါး ထိန်းချုပ်နိုင်ပြီဟု ပြောသည်။
Paletwa IDPs and Humanitarian Supporting (ပလက်ဝ စစ်ရှောင်နှင့် လူသားချင်းစာနာမှု ပံ့ပိုးရေး) အဖွဲ့ တာဝန်ခံ ဆလိုင်းစိုးသန်း က “အခု ထိန်းနိုင်တဲ့ အနေအထား ရှိပါပြီ။ ထပ်တိုးလူနာတွေလည်း မရှိတော့ပါဘူး” ဟု ပြောသည်။
သို့သော်လည်း၊ ဒေသခံလူငယ်အဖွဲ့များ၊ စခန်းတာဝန်ရှိသူများနှင့် ကျန်းမာရေးအဖွဲ့များ၏ အချိန်မီ ကြိုးပမ်း ဆောင်ရွက်မှုများကြောင့် ယခုအခါ အခြေအနေများ ပြန်လည် တည်ငြိမ်လာပြီဖြစ်ကြောင်း Paletwa IDPs and Humanitarian Supporting အဖွဲ့ တာဝန်ခံ က ပြောသည်။
အဆိုပါ ကူးစက်ရောဂါသည် ကာကီ၊ တွီဒင်းနှင့် လောင်းပဆူး စစ်ဘေးရှောင်စခန်းများတွင် ပြန့်ပွားခဲ့ခြင်းဖြစ်ပြီး၊ ရောဂါကူးစက်မှု ကာလအတွင်း လူပေါင်း ၁၅၀ ခန့် ကူးစက်ခံခဲ့ရကာ၊ ကလေးငယ်တစ်ဦး အပါအဝင် စုစုပေါင်း ၅ ဦး သေဆုံးခဲ့သည်။
ရောဂါပြန့်ပွားမှုကို ကာကွယ်ဖို့ နှစ်ပတ်အကြာ ချမှတ်ထားခဲ့သော Lockdown အစီအမံများကိုလည်း စတင် ဖြေလျှော့ပေးနေပြီ ဖြစ်သည်။
အထူးသဖြင့် တွီဒင်းစခန်းတွင် Lockdown ကို ဖြေလျှော့ခဲ့ပြီး၊ အဓိက ရောဂါဖြစ်ပွားရာ ကာကီစစ်ရှောင် စခန်း ကိုလည်း မကြာမီ ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဟု ဆိုသည်။
ဆလိုင်းစိုးသန်းက “အခုဒီ တွီဒင်းစစ်ရှောင်စခန်းဖက်က ဖြေတယ်ဆိုတာက မြေပြင်ရဲ့ အတည်ပြုချက်အရ ကျန်းမာရေးဌာနဖက်ကနေ သူတို့ရဲ့ မြေပြင်ကွင်းဆင်းချက်အပေါ်မှာ အတည်ပြုပြီးမှ သူတို့က Lockdown ကို ဖြေတဲ့သဘောတော့ ဖြစ်တာပေါ့နော်။ ဆိုတော့ အခု ဒီ ကာကီဖက်ခြမ်းကတော့ ကျနော်တို့ လုံးဝထပ်တိုး လုံးဝကို မရှိတော့ဘူးဆိုရင် ပုံမှန်လည်း ဖြစ်ပြီဆိုရင် အဲဒါလည်း မကြာခင်မှာတော့ ဖွင့်နိုင်မယ်” ဟု ပြောသည်။
ရောဂါကူးစက်မှု အန္တရာယ်မှ ကျော်လွှားနိုင်ပြီ ဖြစ်သောကြောင့် ဒေသတွင်း စားနပ်ရိက္ခာ ပြတ်လပ်မှုကို ဖြေရှင်း ရန်အတွက် နှစ်ပတ်ကြာ ပိတ်ထားခဲ့သည့် ကုန်သွယ်ရေးလမ်းကြောင်းများကိုလည်း ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး စနေနေ့မှစ၍ ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်စတင်နေပြီ ဖြစ်သည်။
လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနှင့် ဆေးဝါးပြတ်လပ်မှုများ ကြားမှ ဒေသခံလူငယ်အဖွဲ့များနှင့် စခန်း တာဝန်ရှိ သူများ၏ ကြိုးပမ်းမှုကြောင့် ရောဂါကို အချိန်တိုအတွင်း ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကူညီဆောင်ရွက် နေသူများက ပြောသည်။
နောက်ထပ် ကူးစက်မှုများ ထပ်မံမဖြစ်ပွားစေရန်အတွက် အာရက္ခပြည်သူ့ကျန်းမာရေးဌာန (APH) ကလည်း နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အသိပေးနှိုးဆော်ချက် တစ်ရပ်ကို ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ချောင်းရေ၊ မြစ်ရေများကို ကြိုချက်ပြီးမှ သောက်သုံးရန်၊ လက်ကို ဆပ်ပြာနှင့် စင်ကြယ်အောင် ဆေးကြောရန်၊ ယင်နားစာများကို လုံးဝ မစားရန် တိုက်တွန်းထားပြီး၊ ယင်လုံအိမ်သာများကို ဆောက်လုပ်သုံးစွဲကာ ချောင်းနီး၊ မြစ်နီးတွင် မစင်မစွန့်ရန် သတိပေးထားသည်။
ထို့အပြင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပါက ဓာတ်ဆားကို မဖြစ်မနေ သောက်သုံးကာ နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းသွားရောက် ကုသမှုခံယူရန် နှိုးဆော်ထားသည်။
APH က စစ်ဘေးရှောင်များနှင့် ရပ်ကျေးပြည်သူများအနေဖြင့် အဆိုပါ နှိုးဆော်ချက်များကို အထူးဂရုပြု လိုက်နာဆောင်ရွက်ပေးကြပါရန် အသိပေးတိုက်တွန်းထားသည်။