ငွေကြေး မတတ်နိုင်သော မိုးကုတ်မြို့ခံများ မြို့မှ မထွက်ခွာနိုင်ကြ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်။ 

တအာင်းတပ်မတော် (TNLA) က မိုးကုတ်နှင့် မိုးမိတ်မြို့တို့ကို စစ်ကော်မရှင်ထံ ပြန်လည်အပ်နှံမည့် ဆုံးဖြတ် ချက်ကြောင့် မြို့ခံများ စစ်ဘေးရှောင်နေကြသော်လည်း၊ ငွေကြေး အဆင်မပြေသူများမှာ ရွှေ့ပြောင်းနိုင်ခြင်း မရှိပဲ အခက်ကြုံနေကြသည်။ 

စစ်ရှောင်စရိတ်များ ကြီးမြင့်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် ကုန်ဈေးနှုန်းများ မြင့်တက် နေခြင်းတို့သည် မိုးကုတ်နှင့် မိုးမိတ် ဒေသခံ ပြည်သူများ အခက်တွေ့နေကြသည်။

TNLA မှ အဆိုပါမြို့များမှ နိုဝင်ဘာ ၂၅ ရက်နေ့တွင် ဆုတ်ခွာမည်ဟု ထုတ်ပြန်ပြီးနောက်၊ မိုးကုတ်နှင့် မိုးမိတ် မြို့များမှ ပြည်သူအများအပြားသည် စစ်ဘေးရှောင်ရန် ကြိုးပမ်းနေကြသော်လည်း ရွှေ့ပြောင်းစရိတ် ကြီးမြင့်မှုက ငွေကြေးမတတ်နိုင်သည့် ပြည်သူများကို တားဆီးထားသည်။ 

မိုးကုတ်မြို့ခံတစ်ဦးက အိမ်ပြောင်းရတာက ဈေးကြီးပေးပြီးတော့ ပြောင်းနေရတာပေါ့နော်။ ပိုက်ဆံရှိတဲ့ သူတွေလောက်ပဲ ပြောင်းနိုင်နေတာပေါ့။ ပိုက်ဆံမရှိတဲ့သူတွေကျတော့ မပြောင်းနိုင်ဘူးပေါ့နော် ဟု လက်ရှိ အခြေအနေကို ရှင်းပြခဲ့သည်။

လက်ရှိတွင် စီးပွားရေး မပြေလည်သူများ၊ နေရပ်ကို စွန့်ခွာရန် စိတ်မပါသူများသာ မြို့ပေါ်တွင် အများဆုံး ကျန်ရှိနေပြီး၊ တော်တော်များများ စွန့်ခွာသွားသဖြင့် မြို့သည် ‘မရှိသလောက်’ ဖြစ်နေပြီ ဟုလည်း ဒေသခံများ က ပြောဆိုသည်။

အပစ်အခတ် ရပ်စဲထားသော်လည်း စစ်ရေးပဋိပက္ခများ၏ နောက်ဆက်တွဲ အခြေအနေများကြောင့် ဒေသ၏ စီးပွားရေးသည် လုံးဝ နလန်မထူနိုင်သေးဘဲ ကုန်ဈေးနှုန်းများမှာ ဆက်လက် မြင့်တက်နေသည်။ 

စီးပွားရေးကဏ္ဍမှာ အဆုံးထိ ကျဆင်းနေသည့် အပြင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်းနှင့် ဂိတ်များမှ ငွေကြေး အတင်းအကျပ် တောင်းခံမှုများကိုလည်း ခံနေရသည်ဟု မိုးကုတ်မြို့ခံများက ပြောသည်။

အခုက လမ်းပန်းဆက်သွယ်ရေး မကောင်းလို့သာ ဒီဘက်မှာ မြှင့်တက်တာလေး ကုန်ဈေးနှုန်းတွေက။ လမ်းပန်းဆက်သွယ်ရေး လမ်းကြောင်းတွေ ဖွင့်ပေးရမယ်။ နောက်ပြီးတော့မှ ဂိတ်တွေရှိတဲ့နေရာမှာ ဂိတ်တွေ ကနေပြီးတော့မှ ငွေတောင်းတာမျိုး မဟုတ်ဘဲ လုံခြုံရေးအရ စစ်ဆေးတာမျိုး ဆိုရင်တော့ ပြည်သူတွေ အနေနဲ့ နားလည်ပေးလို့ရတယ် ဟု မိုးကုတ်ဒေသခံက ပြောသည်။

တအာင်းတပ် TNLA မှ မြို့ကို ပြန်လည်လွှဲပြောင်းပေးမည့် ဆုံးဖြတ်ချက်အပေါ် ဒေသခံများသည် စိုးရိမ် ထိတ်လန့်ရုံသာမက စိတ်ပျက်ဝမ်းနည်းမှုများပါ ဖြစ်နေကြသည်။ 

မိုးမိတ် ဒေသခံတစ်ဦးကအဲ့ဒီ ထုတ်ပြန်ချက် ကြေညာတဲ့နေ့ကဆိုလို့ရှိရင် သက်ကြီးရွယ်အိုတွေကအစပေါ့နော် ယောက်ယက်တွေ ခတ်ပြီးတော့မှ သူတို့လည်း စိုးရိမ်ကြောင့်ကြမှုတွေရော မလုံခြုံမှုတွေရော အကုန်လုံး ပေါင်းပြီးပေါ့လေးနော် အဲ့လိုမျိုး ဒီဟာကြီးကို မဖြစ်စေချင်တာပေါ့ ဟု ပြောသည်။

လက်ရှိတွင် စစ်ရှောင်ရန် မတတ်နိုင်ဘဲ ကျန်ခဲ့သူများအတွက် စားဝတ်နေရေးနှင့် ဘေးကင်းလုံခြုံရေးသည် အဓိက စိန်ခေါ်မှု ဖြစ်နေသည်။ 

ဒေသခံပြည်သူများသည် ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ ငွေကြေး အခက်အခဲနှင့် လုံခြုံရေး မတည်ငြိမ်မှုများအကြား မည်သည့် အဖွဲ့အစည်းကမှ မိမိတို့၏ ဘဝလုံခြုံရေးနှင့် စီးပွားရေးအပေါ် မထိခိုက်စေရန်သာ အဓိက မျှော်လင့် တောင်းဆိုနေကြသည်။