မောတောင်စစ်ရှောင်များ စားနပ်ရိက္ခာနှင့် အမိုးအကာ အရေးပေါ်လိုအပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်။
မောတောင် မြို့သိမ်းတိုက်ပွဲတွင် ထွက်ပြေးတိမ်းရှောင် နေကြသူများအထဲမှ စစ်ဘေးရှောင် ရှစ်ရာကျော် အမိုးကာ၊ စားနပ်ရိက္ခာနှင့် စောင်များ လိုအပ်နေကြသည်ဟု စစ်ဘေးရှောင်များအား ကူညီနေသူများက ပြောသည်။
မောတောင်မြို့သိမ်းတိုက်ပွဲ၏ အရှိန်မသေသေးသည့် နောက်ဆက်တွဲအဖြစ် ထွက်ပြေးတိမ်းရှောင်နေကြရသော အသက်ကြီးရွယ်အိုများနှင့် မီးဖွားပြီးစ အမျိုးသမီးများ အပါအဝင် စစ်ဘေးရှောင် ရှစ်ရာကျော်သည် ဥယျာဉ်ခြံ များနှင့် တောနက်အတွင်း၌ ခိုလှုံနေကြရခြင်း ဖြစ်သည်။
၎င်းတို့အတွက် အမိုးအကာ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေကြောင်း ကူညီထောက်ပံ့သူများ က ပြောသည်။
စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်နေခြင်းကြောင့် ဒေသခံများ မှာ ၎င်းတို့၏ နေအိမ်များသို့ ပြန်ရန် မဖြစ်နိုင်သေးပေ။
အသက် ၄၀ နှစ်ခန့်အရွယ် စစ်ဘေးရှောင်နေရသူ အမျိုးသမီးတစ်ဦးက အမိုးအကာနှင့် စားနပ်ရိက္ခာ အခြေအနေ ကို အောက်ပါအတိုင်း ရှင်းပြသည်။
“ဘယ်လောက်ကြာကြာ ရှောင်ရမလဲ မသိဘူး။ လနဲ့ချီပြီး အကြာကြီး ရှောင်နေရရင် အမိုးအကာကလည်း မရှိ၊ စားဖို့လည်း ရိက္ခာက မရှိ၊ ဆေးဝါးကလည်းမရှိနဲ့ ဒုက္ခရောက်နေကြရတယ်၊ အမိုးအကာ တာလပတ် ပါတဲ့သူက နည်းနည်းပဲရှိတယ်။ လက်ရှိ တောငှက်ပျောရွက်တွေ ကာရံနေကြရတယ်၊ သုံးလေးရက်တစ်ကြိမ်လဲပေး နေရ တယ်။ မိုးရွာရင် မလွယ်ဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိ တောထဲ၌ ပုန်းရှောင်နေကြရသူ ၈၀၀ ကျော်အထဲတွင် သံဃာတော်များ၊ ကလေးသူငယ်များ၊ မီးဖွားထား သည့် အမျိုးသမီးများ စသည့် ထိခိုက်လွယ်အုပ်စုများ ပါဝင်နေသည်ဟု အကူအညီပေးနေသူများက ပြောသည်။
၎င်းတို့သည် ယာယီခိုလှုံရန်အတွက် တာလပတ် အနည်းငယ်သာ ပါရှိသဖြင့် တောငှက်ပျောရွက်များကိုသာ အားပြုကာရံနေကြရပြီး ယင်းတို့အား သုံးလေးရက်လျှင် တစ်ကြိမ် လဲလှယ်ပေးနေရသည်။
စစ်ဘေးရှောင်တိမ်းနေကြရသူများတွင် ချက်ပြုတ်စားသောက်ရန်အတွက် အိုး၊ ခွက်၊ ပန်းကန်များလည်း လုံးဝမပါလာသည့် အပြင် မီးဖွားထားသူများပါ ရှိနေသဖြင့် စောင်များကဲ့သို့သော အနွေးဓာတ်ပေးသည့် ပစ္စည်းများလည်း အရေးတကြီး လိုအပ်နေကြောင်း ကူညီသူများက ဆိုသည်။
လက်ရှိအခြေအနေအရ စစ်ကော်မရှင်တပ်မှ မောတောင်မြို့နှင့် အနီးတစ်ဝိုက်ရှိ သဲဖြူ၊ သိန်ခွန်းအပါအဝင် ကျေးရွာ ၁၀ ရွာကျော်ကို လေကြောင်းဖြင့် ဗုံးကြဲမှုများ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။
ထို့ကြောင့် ရွာသားများမှာ လေကြောင်းအန္တရာယ်ကို စိုးရိမ်သဖြင့် မိမိတို့နေရပ်သို့ မပြန်နိုင်သေးဘဲ နီးစပ်ရာ ဘေးလွတ်နိုင်မည့် ဥယျာဉ်ခြံများနှင့် တောတွင်းနေရာများသို့ ဆက်လက်တိမ်းရှောင်နေကြရကာ လူသားချင်း စာနာထောက်ထားမှု အကူအညီများ အမြန်ဆုံး လိုအပ်လျက်ရှိသည်။