နယ်စပ်ဖြတ်ကျော် လက်နက်ကြီးကျည်ကျမှုကြောင့် ထိုင်းဒေသခံများ ဆန္ဒထုတ်ဖော်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ်ဘက်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လက်နက်ကြီးကျည်များ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ဆက်တိုက် ကျရောက်ပေါက်ကွဲလျက်ရှိရာ ထိုင်းဒေသခံပြည်သူများမှာ အသက် အန္တရာယ်အတွက် စိုးရိမ်ပူပန်လာကြပြီး လူစုလူဝေးဖြင့် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။

တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မဲ့ကို့ကင်းကျေးရွာရှိ အထက်တန်းကျောင်း အားကစားကွင်းတွင် ဒေသခံပြည်သူ နှစ်ရာကျော် စုဝေးခဲ့ကြပြီး အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

မြန်မာဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များကြောင့် နေ့စဉ်နှင့်အမျှ အသက်အန္တရာယ် စိုးရိမ်နေ ရမှုများနှင့် အိမ်ခြေ၊ အဆောက်အအုံ ထိခိုက်ပျက်စီးမှုများအတွက် သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ထိရောက်စွာ တာဝန်ယူဖြေရှင်းပေးရန် ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

နယ်စပ်ဒေသ တိုက်ပွဲများနှင့်ပတ်သက်၍ မဲဆောက်ရှိ မြန်မာတစ်ဦးက “မြန်မာဘက်က ပစ်တဲ့ လက်နက်ကြီး ကျည်တွေက ထိုင်းဘက်ခြမ်းကို ဆက်တိုက်ကျလာနေတယ်။ အဲ့ဒါကို စိတ်ပူကြတယ်။ စိုးရိမ်ကြတာပေါ့ဗျာ နော်။ က ဘယ်အချိန် ဘယ်နေရာမှာ ထပ်ကျလာမလဲ ထိခိုက်မှုတွေ ထပ်ဖြစ်လာအုံးမလား ဆိုပြီး စိုးရိမ်ပူပန် နေကြတာဗျ။ လူထုရဲ့ အသက်အန္တရာယ်အတွက် လုံးဝမလုံခြုံတော့ဘူး အဲ့ဒီအတွက် အခုလိုမျိုး အားလုံးက စုပြီး ဆန္ဒထုတ်ဖော်ကြတာဗျ” ဟု ပြောသည်။

ပြီးခဲ့သည့် တစ်နှစ်အတွင်း နယ်စပ်ဖြတ်ကျော် တိုက်ပွဲများကြောင့် ထိုင်းဘက်ခြမ်းတွင် မြန်မာအမျိုးသမီး နှစ်ဦး အသက်ဆုံးရှုံးခဲ့ရသလို ထိုင်းနိုင်ငံသားများအပါအဝင် ဒေသခံ လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကျောင်းနှင့် လူနေအိမ် ကိုးလုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ရသည်။

ထို့ပြင် မြန်မာဘက်မှ စစ်ဘေးရှောင် နှစ်ရာကျော်မှာလည်း မဲ့ကို့ကင်းကျေးရွာဘက်၌ ဆက်လက်တိမ်းရှောင်နေ ဆဲ ဖြစ်သည်။

မြဝတီမြို့နယ်၊ ဖလူးနှင့် မင်းလက်ပံရွာဘက်များတွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား တိုက်ပွဲများ ပြင်းထန်နေခြင်းက နယ်စပ်ဖြတ်ကျော်ကျည် ကျရောက်ရသည့် အဓိကအကြောင်းရင်း ဖြစ်သည်။

မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “တိုက်ပွဲတွေက ပြင်းထန်နေဆဲဖြစ်ပြီး လက်နက်ကြီးကျည်တွေ နယ် စပ်ကို ကျော်လာတာတွေအတွက် ထိုင်းစစ်တပ်ဘက်က အထူးစောင့်ကြည့်နေတယ်လို့ ထိုင်းသတင်းတွေမှာ ပြောထားပြီးသား။ ခင်ဗျားတို့လည်း တွေ့မှာပဲ။ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်ကို တမင်သက်သက် ထိခိုက်လာ တယ်ဆိုရင် လုပ်ထုံးလုပ်နည်းအတိုင်း ခိုင်မာတဲ့ တုံ့ပြန်မှုတွေ ဆက်လုပ်သွားမယ်လို့ ပြောလိုက်ပြီလေနော်” ဟု ပြောသည်။

နယ်စပ်ဖြတ်ကျော် ကျည်ကျရောက်မှုများနှင့် ပတ်သက်၍ ထိုင်းစစ်တပ်က နယ်စပ်ဘေး အန္တရာယ် ကာကွယ် ရေး အစီအမံများကို တရားဝင် ထုတ်ပြန်ထားသည်။

မြန်မာဘက်မှ ကျည်များ ထပ်မံကျရောက်လာပါက သတိပေးသည့် မီးခိုးဗုံးကျည်များဖြင့် တုံ့ပြန်ပစ်ခတ်သွား မည်ဖြစ်ပြီး၊ ထိုင်းနိုင်ငံသားများ၏ အိုးအိမ်စည်းစိမ်ကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေပါက အချိုးကျ တန်ပြန် တိုက်ခိုက်သွားမည်ဟု တင်းမာသည့် သတိပေးချက် ထုတ်ပြန်ထားသည်။

လက်ရှိတွင် သောင်ရင်းမြစ်တစ်လျှောက် လုံခြုံရေးတပ်ဖွဲ့များ တိုးမြှင့်ချထားကာ ကင်းလှည့်ခြင်း၊ စစ်ကားများ အပြင် ဒရုန်းနှင့် လေယာဉ်များဖြင့် အနီးကပ် စောင့်ကြည့်ခြင်းများကို လုပ်ဆောင်နေသည်။

ထို့ပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စစ်တပ်တို့ ပူးပေါင်းကာ နှစ်နိုင်ငံ နယ်စပ်ကော်မတီများမှတစ်ဆင့် တရားဝင် ကန့်ကွက်လွှာပေးပို့ခြင်းနှင့် လျော်ကြေးပေးရန် တောင်းဆိုသွားရန်လည်း ပြင်ဆင်နေကြသည်။

ဓါတ်ပုံ – siamrath