ကမ္ဘောဒီးယားနယ်စပ်တွင် ထိုင်းက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်။ 

ယနေ့နံနက်ပိုင်းတွင် ထိုင်းစစ်တပ်က ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက် နေရာအများအပြားကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ဤတိုက်ခိုက်မှုများသည် နယ်စပ်တင်းမာမှုများ မြင့်တက်လာပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှု မပြုလုပ်မီ တစ်ရက်အလိုက Ubon Ratchathani (ဥဘွန် ရပ်ချ်ထာနီ) ခရိုင်တွင် နှစ်နိုင်ငံတပ်ဖွဲ့များအကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ထိုင်းစစ်တပ်၏ ပြောကြားချက်အရ ကမ္ဘောဒီးယားဘက်မှ ထိုင်းစစ်စခန်းတစ်ခုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ထိုင်းစစ်သားတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့သည်။

ကမ္ဘောဒီးယားဘက်ကမူ ထိုင်းနိုင်ငံသည် နံနက်စောစောပိုင်းတွင် ၎င်းတို့၏ နေရာနှစ်ခုကို လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ပြောဆိုသော်လည်း၊ ယင်းလေကြောင်းတိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်လာသော အသေးစိတ်ထိခိုက်မှု အချက်အလက်များကို နှစ်ဖက်စလုံးက ထုတ်ပြန်ခြင်း မရှိသေးပေ။

နှစ်နိုင်ငံအကြား နယ်စပ်အငြင်းပွားမှုများသည် ဇူလိုင်လက ငါးရက်ကြာ တိုက်ပွဲကြီး ဖြစ်ပွားခဲ့ပြီးနောက် အာဆီယံထိပ်သီးညီလာခံအတွင်း ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ သို့သော် ထိုသဘောတူညီချက်ကို ချိုးဖောက်သည်ဟု အပြန်အလှန် စွပ်စွဲမှုများ ရှိခဲ့ပြီးနောက် ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်မှု အဆင့်အထိ တင်းမာမှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။