တောင်အာဖရိက ပင်ဂွင်းများ အစုလိုက်အပြုံလိုက် သေဆုံးနေ

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်။ 

တောင်အာဖရိက ကမ်းရိုးတန်းမှ စိုးရိမ်ဖွယ်ရာ သတင်းတစ်ရပ်မှာ မျိုးတုံးလုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည့် အာဖရိကန် ပင်ဂွင်းငှက်များသည် အစားအစာပြတ်လပ်မှု ကြောင့် အစုလိုက်အပြုံလိုက် အစာငတ်မွတ်၍ သေဆုံးခဲ့ရကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြသည်။

ယင်းသို့ သေဆုံးရခြင်း၏ အဓိက အကြောင်းရင်းမှာ ပင်ဂွင်းတို့ အဓိက စားသုံးသော ငါးသေတ္တာငါး (ဆာဒင်းငါး) အရေအတွက် သိသိသာသာ လျော့နည်းသွားခြင်းကြောင့် ဖြစ်သည်။ 

၂၀၀၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း အရေးပါသော မျိုးပွားစခန်းများဖြစ်သည့် ဒါ့ဆန်ကျွန်း (Dassen Island) နှင့် ရော့ဘန်ကျွန်း (Robben Island) တို့တွင် ပင်ဂွင်းငှက် ၆၂,၀၀၀ ခန့် သေဆုံးခဲ့သည်။ 

ထို ၈ နှစ်တာကာလအတွင်း ဆာဒင်းငါး အရေအတွက်သည် ယခင် အများဆုံးရှိခဲ့သည့် ပမာဏ၏ လေးပုံတစ်ပုံအောက် သို့ အမြဲလိုလို ကျဆင်းနေခဲ့သည်ကို တွေ့ရသည်။

ဤအခြေအနေများကြောင့် အာဖရိကန် ပင်ဂွင်းငှက်တို့၏ အနာဂတ်မှာ စိုးရိမ်ဖွယ်ဖြစ်လာသည်။ 

IUCN (အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးသမဂ္ဂ) သည် ၂၀၂၄ ခုနှစ်တွင် ၎င်းတို့ကို “အလွန်အန္တရာယ်ရှိသော မျိုးတုံးရန်အလားအလာရှိသည့်” မျိုးစိတ်အဖြစ် သတ်မှတ်ခဲ့သည်။

 ထိန်းသိမ်းရေး ပညာရှင်များ၏ သတိပေးချက်အရ လက်ရှိနှုန်းအတိုင်းသာဆိုလျှင် ၂၀၃၅ ခုနှစ် တွင် အာဖရိကန် ပင်ဂွင်းများသည် သဘာဝတောရိုင်းထဲမှ လုံးဝ မျိုးတုံးပျောက်ကွယ်သွားနိုင်ခြေရှိသည်။