ဩစတေးလျက လူမှုမီဒီယာ အကောင့်ဖွင့်နိုင်သည့် အနိမ့်ဆုံးအသက် သတ်မှတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်။ 

ဩစတေးလျ အစိုးရသည် အွန်လိုင်း ဘေးကင်းလုံခြုံရေး ဥပဒေ ပြင်ဆင်ချက် ကို ထုတ်ပြန်လိုက်ရာ လူမှုမီဒီယာများတွင် အကောင့်ဖွင့်နိုင်မည့် အနိမ့်ဆုံး အသက်ကို သတ်မှတ်လိုက်သည်။ 

ယင်းဥပဒေအရ အသက် ၁၆ နှစ်အောက် ကလေးများ သည် သတ်မှတ်ထားသော လူမှုမီဒီယာ ပလက်ဖောင်းများတွင် အကောင့်ဖွင့်ခြင်းကို တားမြစ်လိုက်ခြင်း ဖြစ်သည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် စတင်အသက်ဝင်မည့် ဤဥပဒေဖြင့် အကောင့်ဖွင့်ခွင့် ပိတ်ပင်လိုက်သည့် လူမှုမီဒီယာများမှာ YouTube, X, Facebook, Instagram, TikTok, Snapchat, Reddit, Twitch, Threads, နှင့် Kick တို့ ပါဝင်သည်။ 

ဩစတေးလျ အစိုးရက ၎င်းတို့၏ ကလေးသူငယ်များနှင့် ဆယ်ကျော်သက်များ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် ကြံ့ခိုင်သန်စွမ်းရေး အတွက် ယခုလို တားမြစ်လိုက်ခြင်းဖြစ်ကြောင်း ရှင်းပြထားသည်။

အကယ်၍ အဆိုပါ ပလက်ဖောင်းများသည် အသက် ၁၆ နှစ်အောက် ကလေးများ၏ အကောင့်များကို ရပ်ဆိုင်းရန်အတွက် ကျိုးကြောင်းဆီလျော်သော လုပ်ဆောင်မှုများ မပြုလုပ်ခဲ့ပါက ဩစတေးလျဒေါ်လာ သန်း ၅၀ အထိ ဒဏ်ရိုက်ခံရနိုင်သည်။ 

ဥပဒေအရ ချိုးဖောက်မှုများအတွက် ကလေးများ သို့မဟုတ် ၎င်းတို့၏ မိဘများကို အရေးယူမည်မဟုတ်ဘဲ အကောင့်ဖွင့်ခွင့်ပြုသော လူမှုကွန်ရက် ကုမ္ပဏီများကိုသာ ဒဏ်ရိုက်မည်ဖြစ်သည်။ 

ထို့ပြင် မိဘများအနေဖြင့်လည်း အသက် ၁၆ နှစ်အောက် ကလေးများကို အကောင့်ဖွင့်ရန် သဘောတူညီချက် ပေးခွင့်မရှိကြောင်း ဖော်ပြထားသည်။ 

တားမြစ်မှုတွင် ကလေးများအတွက် သီးသန့်ပြုလုပ်ထားသော Messenger Kids, Whatsapp, Kids Helpline, Google Classroom နှင့် YouTube Kids တို့ကဲ့သို့သော လိုင်းများ ပါဝင်မည်မဟုတ်ပါ။ လက်ရှိတွင် Facebook နှင့် TikTok ကဲ့သို့သော နာမည်ကြီး လူမှုပလက်ဖောင်းများသည် ကလေးများ၏ အကောင့်များကို ပိတ်သိမ်းရန် လုပ်ဆောင်နေပြီဟု သတင်းများက  ဆိုသည်။