ထိုင်းနိုင်ငံနှင့် ပင်လယ်ပြင်အငြင်းပွားမှုဖြေရှင်းရန် ကုလလုပ်ငန်းစဉ် စတင်ကြောင်း ကမ္ဘောဒီးယားပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်။
ထိုင်းနိုင်ငံနှင့် ရေရှည်ဖြစ်ပွားနေသည့် ပင်လယ်ပြင်နယ်နိမိတ် အငြင်းပွားမှုပြဿနာကို ဖြေရှင်းရန် ရည်ရွယ်၍ နိုင်ငံတကာဥပဒေအရ မဖြစ်မနေ ဆောင်ရွက်ရမည့် စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ် တစ်ရပ်ကို စတင်လိုက်ပြီဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံက အင်္ဂါနေ့တွင် ပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြသည်။
အဆိုပါကိစ္စရပ်အား ကုလသမဂ္ဂနှင့် ဘန်ကောက်အစိုးရထံ အကြောင်းကြားထားပြီးဖြစ်ကြောင်းလည်း ကမ္ဘောဒီးယားက ဆိုသည်။
နှစ်နိုင်ငံ ပင်လယ်ပြင်ပိုင်နက် တောင်းဆိုမှုချင်း ထပ်တူကျနေသည့် ထိုင်းပင်လယ်ကွေ့အတွင်းရှိ အငြင်းပွားဧရိယာနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုဆိုင်ရာ မူဘောင်တစ်ရပ်အဖြစ် ပံ့ပိုးပေးထားသည့် ၂၀၀၁ ခုနှစ် သဘောတူညီချက်ကို ထိုင်းအစိုးရဘက်က ပြီးခဲ့သည့်လတွင် တစ်ဖက်သတ် ရုပ်သိမ်းပယ်ဖျက်ခဲ့ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံ၏ ယခုခြေလှမ်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက် (Hun Manet) က နိုင်ငံတကာ ဥပဒေနဲ့အညီ ကမ္ဘောဒီးယားရဲ့ အချုပ်အခြာအာဏာနဲ့ ပင်လယ်ပြင်ဆိုင်ရာ အခွင့်အရေးများကို ကာကွယ်ရန် ယခုကဲ့သို့ အရေးယူဆောင်ရွက်မှုကို စတင်လိုက်ခြင်း ဖြစ်သည် ဟု ပြောကြားခဲ့သည်။
အဆိုပါ ၂၀၀၁ ခုနှစ် ပိုင်နက်ညှိနှိုင်းရေး သဘောတူညီချက်ကို ပယ်ဖျက်ခဲ့သည့် ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရကူးလ် (Anutin Charnvirakul) ကမူ ကမ္ဘောဒီးယားနိုင်ငံက စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ် စတင်လိုက်သည့်အပေါ် မိမိအနေဖြင့် တစ်စုံတစ်ရာ သိရှိခြင်းမရှိသေးကြောင်း ရိုက်တာ သတင်းဌာနသို့ ပြောဆိုခဲ့သည်။
သူက ထိုင်းနိုင်ငံအနေဖြင့် နောက်ထပ် မည်သို့ ဆက်လုပ်မည်ကို ဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း သတင်းထောက်များကို ပြောဆိုခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ၏ ယခုလှုပ်ရှားမှုသည် ကာလရှည်ကြာနေပြီဖြစ်သည့် နယ်စပ်အငြင်းပွားမှုများကို ဖြေရှင်းရာတွင် အိမ်နီးချင်းနှစ်နိုင်ငံအကြား သဘောထားကွဲလွဲမှု မြင့်တက်လာနိုင်ခြေရှိသည်ကို မီးမောင်းထိုးပြနေသည်။
သို့သော်လည်း ယခင်နှစ်က ဖြစ်ပွားနေခဲ့သည့် မြေပြင် အငြင်းပွားမှုပဋိပက္ခကို အဆုံးသတ်စေခဲ့သော မရေရာသည့် အပစ်အခတ်ရပ်စဲရေးမှာမူ လက်ရှိအချိန်ထိ ဆက်လက်တည်မြဲနေဆဲဖြစ်သည်။
ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း (UNCLOS) အရ… မဖြစ်မနေ ဆောင်ရွက်ရမည့် စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်သည် လွတ်လပ်သော ကျွမ်းကျင်သူများအဖွဲ့အား အငြင်းပွားမှုကို စစ်ဆေးရန်နှင့် အကြံပြုချက်များ ထုတ်ပြန်ရန် ခွင့်ပြုထားသည်။
သို့သော်လည်း၊ စုံစမ်းစစ်ဆေးတွေ့ရှိချက်များသည် မည်သည့်အဖွဲ့အစည်းအပေါ်တွင်မျှ ဥပဒေအရ အတင်းအကျပ် အာဏာသက်ရောက်မှု မရှိစေရဟု ပြဋ္ဌာန်းထားသည်။
အဆိုပါ ပင်လယ်ပြင် အငြင်းပွားမှုသည် ထိုင်းပင်လယ်ကွေ့အတွင်းရှိ ပိုင်နက်တောင်းဆိုမှုချင်း ထပ်တူကျနေသည့် ဧရိယာ (Overlapping Claims Area – OCA) ဟု လူသိများသော ရေပြင်ဧရိယာ စတုရန်းကီလိုမီတာ ၂၆,၀၀၀ ခန့်နှင့် သက်ဆိုင်နေခြင်း ဖြစ်သည်။
အဆိုပါဒေသတွင် အကြမ်းဖျင်းအားဖြင့် သဘာဝဓာတ်ငွေ့ ကုဗပေ ၁၂ ထရီလီယံနီးပါးနှင့် ရေနံအမြောက်အမြား သိုအောင်းလျက်ရှိပြီး ယင်း၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ ခန့် ရှိမည်ဟု ခန့်မှန်းထားကြသည်။
အီရန်ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် ရေနံဈေးကွက် ရိုက်ခတ်မှုများက အဆိုပါ ပင်လယ်ရေအောက် စွမ်းအင်အရင်းအမြစ်များကို ဖော်ထုတ်ရန်နှင့် အငြင်းပွားမှုကို အမြန်ဆုံးဖြေရှင်းရန်အတွက် ပိုမိုအရေးတကြီး လိုအပ်လာစေကြောင်း ကမ္ဘောဒီးယား စွမ်းအင်ဝန်ကြီးက ပြီးခဲ့သည့်အပတ်တွင် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားအစိုးရသည် ယခုတရားစွဲဆိုမှု လုပ်ငန်းစဉ်များအတွက် ၎င်းတို့၏ အထူးကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး ပရပ်ဆိုခွန်း (Prak Sokhonn) ကို ခန့်အပ်ထားပြီး၊ ဒိန်းမတ်သံတမန် ပီတာ တက်ခ်ဆို-ဂျန်ဆင် (Peter Taksøe-Jensen) နှင့် ပြင်သစ်ပညာရှင် ယန်း-မတ် ထူးဗ်နင် (Jean-Marc Thouvenin) တို့ကို စေ့စပ်ညှိနှိုင်းရေးမှူးများအဖြစ် ပူးတွဲတာဝန်ပေးအပ်ထားကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ထိုင်းနိုင်ငံအနေဖြင့် ၎င်းတို့ဘက်က စေ့စပ်ညှိနှိုင်းရေးမှူး နှစ်ဦးကို ခန့်အပ်ရန်အတွက် ယခုအချိန်မှစ၍ ၂၁ ရက်တာ အချိန်ရရှိမည်ဖြစ်သည်။ ထို့နောက် အဆိုပါ ညှိနှိုင်းရေးမှူးများသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ကြီးကြပ်မှုအောက်တွင် စေ့စပ်ညှိနှိုင်းရေးကော်မရှင်တစ်ရပ်အား အပြီးသတ်ဖွဲ့စည်းနိုင်ရန် ဥက္ကဋ္ဌတစ်ဦးကို ရွေးချယ်သွားမည်ဖြစ်သည်” ဟု အဆိုပါထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
ထိုင်းနိုင်ငံသည် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) အပါအဝင် နိုင်ငံတကာ ယန္တရားများမှတစ်ဆင့် အငြင်းပွားမှုများကို ဖြေရှင်းရန် ကမ္ဘောဒီးယား၏ ကြိုးပမ်းမှုများကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့ပြီး၊ နှစ်နိုင်ငံအကြား တိုက်ရိုက်ဆွေးနွေးမှုပြုလုပ်ခြင်းကိုသာ အစဉ်တစိုက် တောင်းဆိုခဲ့သည်။