ကမ္ဘောဒီးယားတွင် တရုတ်အမျိုးသမီး ၃ ဦးကို ပြန်ပေးဆွဲသည့် မြန်မာ ၂ ဦးကို ဖမ်းဆီးရမိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်။
ကမ္ဘောဒီးယားနိုင်ငံ၊ ကမ်ပန်းစပူး (Kampong Speu) ပြည်နယ်တွင် တရုတ်အမျိုးသမီး ၃ ဦးကို ပြန်ပေးဆွဲ၍ ငွေကြေးအကျပ်ကိုင် ညှစ်ယူခဲ့သည့် မြန်မာနိုင်ငံသား ၂ ဦးကို ရဲတပ်ဖွဲ့က လက်ရဖမ်းဆီးနိုင်ခဲ့သည်ဟု Khmer Times သတင်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က တရုတ်အမျိုးသမီးတစ်ဦးဖြစ်သူ မောင်ဟွမ်ရှီရီ (Huang Xiyi) အား အမည်မသိ လူဆိုးဂိုဏ်းတစ်ခုက ပြန်ပေးဆွဲသွားပြီး တရုတ်ယွမ်ငွေ ၂ သန်း (အမေရိကန်ဒေါ်လာ ၂ သိန်းခွဲကျော်) ပြန်ပေးငွေ တောင်းခံနေကြောင်း ၎င်း၏ဦးလေးဖြစ်သူက ရာဇဝတ်မှုနှင်းနင်းရေး ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သည်။
တိုင်ကြားချက်အရ ကမ္ဘောဒီးယား ရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်၏ အမိန့်ဖြင့် ဖွဲ့စည်းထားသည့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် မြေပြင်စုံစမ်းထောက်လှမ်းမှုများ ချက်ချင်းပြုလုပ်ခဲ့သည်။
ထို့နောက် ၎င်းနေ့ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်တွင် ကမ်ပန်းစပူးပြည်နယ်၊ ကွန်ပီဆေး (Kong Pisey) ခရိုင်အတွင်းရှိ သံသယဖြစ်ဖွယ် အဆောက်အအုံတစ်ခုကို ရဲတပ်ဖွဲ့က အင်အားသုံး ဝင်ရောက်စီးနင်း ရှာဖွေခဲ့သည်။
အဆိုပါ စီးနင်းမှုအတွင်း ပြန်ပေးဆွဲမှုတွင် တိုက်ရိုက်ပါဝင်ပတ်သက်နေသည့် အသက် ၂၉ နှစ်အရွယ် အာဆန်း (Ar San) နှင့် အသက် ၂၀ အရွယ် အိုက်နီ (Aik Ni) ခေါ် အိုက်ညီ အမည်ရှိ မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် ပြန်ပေးဆွဲ နှိပ်စက်ခံထားရသည့် အသက် ၂၂ နှစ်၊ ၃၀ နှစ်နှင့် ၂၆ နှစ်အရွယ်ရှိ တရုတ်အမျိုးသမီး ၃ ဦးကိုလည်း ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အောင်မြင်စွာ ကယ်တင်နိုင်ခဲ့သည်။
လတ်တလောတွင် ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသား သံသယရှိသူ ၂ ဦးအား ဥပဒေကြောင်းအရ ထိရောက်စွာ အရေးယူနိုင်ရန် ရာဇဝတ်မှုနှိမ်နင်းရေး ရဲတပ်ဖွဲ့ဌာနချုပ်သို့ လွှဲပြောင်းကာ အသေးစိတ် ဆက်လက်စစ်ဆေး မေးမြန်းလျက်ရှိသည်ဟု ဆိုသည်။