အမေရိကတွင် ခြင်ကောင်ရေ ၃၂ သန်း လွှတ်ရန် Google ခွင့်ပြုချက်တောင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်။
ဂူဂဲလ် (Google) ကုမ္ပဏီ၏ လက်အောက်ခံ ကျန်းမာရေးနှင့် နည်းပညာကဏ္ဍခွဲတစ်ခုက လာမည့် ၂ နှစ်အတွင်း အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါနှင့် ကယ်လီဖိုးနီးယား ပြည်နယ်များအတွင်းသို့ အထူးပြုပြင်ထားသော ခြင်အကောင်ရေ ၃၂ သန်းအထိ လွှတ်တင်ခွင့်ပြုရန် အစိုးရထံ လျှောက်ထားခြင်းအပေါ် ဒေသခံများအကြား စိုးရိမ်ပူပန်မှုများနှင့် ဝေဖန်မှုများ ထွက်ပေါ်နေသည်။
Google ၏ “Debug” ဟု အမည်ပေးထားသည့် ယခုစီမံကိန်းသည် လူထုကို ခြင်ကိုက်ခံရမှု တိုးပွားစေရန် မဟုတ်ဘဲ ရောဂါပိုး သယ်ဆောင်တတ်သည့် ခြင်ဗိုင်းရပ်စ်ပြန့်ပွားမှုကို ရေရှည်တွင် အမြစ်ပြတ် မျိုးတုံးစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
စီမံကိန်းအရ လူကို ကိုက်လေ့မရှိသည့် “ခြင်ထီး” များကို AI နှင့် စက်ရုပ်နည်းပညာများ အသုံးပြုကာ ဝေဘာကီးယား (Wolbachia) ဟုခေါ်သော သဘာဝ ဗက်တီးရီးယားတစ်မျိုး ကူးစက်စေပြီးမှ သဘာဝပတ်ဝန်းကျင်အတွင်းသို့ လွှတ်တင်မည် ဖြစ်သည်။
၎င်းခြင်ထီးများသည် သဘာဝတောရိုင်းထဲရှိ လူကို ကိုက်တတ်သော “ခြင်မ” များနှင့် မိတ်လိုက်သည့်အခါ သားသမီး (သို့မဟုတ်) မျိုးဆက်ပွားနိုင်ခြင်း မရှိတော့ဘဲ ခြင်ကောင်ရေကို သိသိသာသာ လျော့ကျသွားစေမည် ဖြစ်သည်။
ဒေသခံ ခြင်နှိမ်နင်းရေးအရာရှိ ခွန်ချဒ် (Chad Huff) က ခြင်ထီးများသည် လူကို ကိုက်တတ်သည့် သဘာဝမရှိသဖြင့် ပြည်သူများ ပိုမိုအကိုက်ခံရမည့် အန္တရာယ်မရှိကြောင်းနှင့် ဤနည်းလမ်းသည် ဓာတုပိုးသတ်ဆေးများ အလွန်အကျွံသုံးစွဲခြင်းကို လျှော့ချနိုင်မည့် အလားအလာရှိသော နည်းပညာသစ် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယခုပရောဂျက်သည် အမေရိကန်တွင် ကူးစက်မှုအများဆုံးဖြစ်သည့် ဝက်စ်နိုင်းဗိုင်းရပ်စ် (West Nile virus) အပါအဝင် ခြင်မှတစ်ဆင့် ကူးစက်တတ်သော သေစေနိုင်သည့် ရောဂါများကို ကာကွယ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
လတ်တလောတွင် အမေရိကန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီ (EPA) သည် အဆိုပါ Experimental Use Permit (စမ်းသပ်အသုံးပြုခွင့်လိုင်စင်) ကို ခွင့်ပြုပေးရန် ရှိ၊ မရှိအတွက် အများပြည်သူ၏ သဘောထားမှတ်ချက်များကို လာမည့် ဇွန်လID ၅ ရက်နေ့အထိ ကောက်ခံသွားမည်ဟု ဆိုသည်။