Meta, Tiktok နှင့် Google နည်းပညာ ကုမ္ပဏီများ ငွေလိမ် ကြော်ငြာများ မဖယ်ရှားဟု EU ကို တိုင်ကြား

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၆ ခုနှစ်၊ မေလ ၂၆ ရက်။ 

အွန်လိုင်း လိမ်လည်မှုများနှင့် ပတ်သက်သည့် ကြော်ငြာများကို နည်းပညာ ကုမ္ပဏီကြီးများ ဖြစ်သည့် Meta၊ Tiktok နှင့် Google တို့က ထိရောက်စွာ အရေးယူရန် ပျက်ကွက်ခဲ့သည်ဟု ဆိုကာ ဥရောပ စားသုံးသူများ အဖွဲ့ချုပ် (BEUC) နှင့် နိုင်ငံ ၂၇ နိုင်ငံရှိ အဖွဲ့ဝင် ၂၉ ဖွဲ့တိုက ဥရောပ ကော်မရှင် (EU) နှင့် နိုင်ငံအာဏာပိုင်များကို တိုင်ကြားလိုက်သည်။ 

အဆိုပါ ကုမ္ပဏီကြီးများသည် ဥရောပသမဂ္ဂ၏ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများဆိုင်ရာဥပဒေ (DSA) ပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန် ပျက်ကွက်နေခြင်းဖြစ်ကြောင်းလည်း BEUC က စွပ်စွဲထားသည်။ 

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် မတ်လအထိ ၄ လတာ ကာလအတွင်း ဥရောပစားသုံးသူများအဖွဲ့ချုပ် (BEUC) နှင့် ၁၃ နိုင်ငံမှ စားသုံးသူအကာအကွယ်ပေးရေး အဖွဲ့များသည် ဥရောပသမဂ္ဂ (EU) ဥပဒေကို ချိုးဖောက်နေသည်ဟု သံသယရှိရသည့် အွန်လိုင်းကြော်ငြာပေါင်း ၉၀၀ နီးပါးကို အဆိုပါ ပလက်ဖောင်းများထံ အစီရင်ခံ တိုင်ကြားခဲ့ကြသည်။ 

သို့သော်လည်း အဆိုပါ အွန်လိုင်းပလက်ဖောင်းများသည် တိုင်ကြားချက်များအနက် ၂၇ ရာခိုင်နှုန်းသော ကြော်ငြာများကိုသာ ဖြုတ်ချပေးခဲ့ပြီး၊ ကျန် ၅၂ ရာခိုင်နှုန်းသော တိုင်ကြားမှုများကိုမူ လျစ်လျူရှုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ 

သို့ဖြစ်ရာ ဥရောပစားသုံးသူ သန်း ၂၀၀ ကျော်ထံသို့ လစဉ်ရောက်ရှိနေသော ငွေကြေးလိမ်လည်မှု ကြော်ငြာ ရာပေါင်းများစွာသည် လက်ရှိအချိန်အထိ လွင့်ပျံနေဆဲဖြစ်ပြီး၊ ပြည်သူများအား ငွေကြေးဆုံးရှုံးမှုနှင့် အခြားဘေးဥပါဒ်များ ဆက်လက်ဖြစ်ပေါ်စေရန် အန္တရာယ်ပြုနေကြောင်း ပြသနေသည်ဟု BEUC က ထောက်ပြသည်။ 

ထို့ကြောင့် ဥရောပစားသုံးသူအဖွဲ့များက ဥရောပကော်မရှင်နှင့် အမျိုးသားအဆင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများဆိုင်ရာ ညှိနှိုင်းရေးမှူးများ (DSCs) အနေဖြင့် Meta၊ TikTok နှင့် Google တို့၏ ငွေကြေးလိမ်လည်မှုစနစ်များအပေါ် တားဆီးကာကွယ်မှု အစီအမံများကို အရေးပေါ် စုံစမ်းစစ်ဆေးရန်နှင့် ၎င်းတို့အား DSA ဥပဒေကို လိုက်နာစေရန် ဖိအားပေးရန် တောင်းဆိုထားကြသည်။ 

အကယ်၍ ဆက်လက်လိုက်နာခြင်း မရှိပါက ဥရောပကော်မရှင်အနေဖြင့် ပြင်းထန်သည့် ငွေဒဏ်များ ချမှတ်သင့်ကြောင်းလည်း တင်ပြထားသည်။

ဥရောပစားသုံးသူများအဖွဲ့ချုပ် (BEUC) ၏ အထွေထွေညွှန်ကြားရေးမှူး အာဂတ်စတင် ရေနာ (Agustín Reyna) က “ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများဆိုင်ရာဥပဒေ (DSA) အရ MetaTikTok နဲ့ Google တို့ဟာ လိမ်လည်လှည့်ဖြားတဲ့ ကြော်ငြာတွေကို နှိမ်နင်းဖို့နဲ့ စားသုံးသူတွေအပေါ် ကျရောက်မယ့် အန္တရာယ်တွေကို လျှော့ချဖို့ ထိရောက်တဲ့ ယန္တရားတွေ ရှိထားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ သုတေသနပြုချက်တွေအရ ဒီပလက်ဖောင်းတွေက သူတို့လုပ်ဆောင်နေပါတယ်လို့ ကြွေးကြော်ထားတာတွေနဲ့ လက်တွေ့မြေပြင်မှာ ဖြစ်ပျက်နေတာတွေအကြား စိုးရိမ်စရာကောင်းလောက်အောင် ကွာဟချက်ကြီးမားနေတာကို တွေ့ရပါတယ်။ တကယ်တော့ သူတို့ဟာ လိမ်လည်မှုကြော်ငြာတွေကို ကြိုတင်တားဆီးဖို့ ပျက်ကွက်နေရုံတင်မကဘဲ ပြည်သူတွေက လာရောက်တိုင်ကြားတဲ့အခါမှာလည်း ထိရောက်စွာ အရေးယူပေးခြင်း မရှိပါဘူး” ဟု BEUC ၏ သတင်းထုတ်ပြန်ချက်တွင် ထောက်ပြခဲ့သည်။

၎င်းက ဆက်လက်၍ MetaTikTok နဲ့ Google တို့ကို ဥပဒေကြောင်းအရ တာဝန်ခံခိုင်းဖို့က အလွန်အရေးကြီးပါတယ်။ အကယ်၍ သူတို့ရဲ့ ပလက်ဖောင်းတွေပေါ်မှာ လည်ပတ်နေတဲ့ ငွေကြေးလိမ်လည်မှုတွေကို မဖြေရှင်းဘူးဆိုရင်တော့ ဒီလိမ်လည်သူတွေက ဥရောပစားသုံးသူ သန်းပေါင်းများစွာထံ နေ့စဉ် ဆက်လက်ချဉ်းကပ်သွားမှာဖြစ်ပြီး၊ ပြည်သူတွေအနေနဲ့ ယူရိုရာနဲ့ချီ၊ သောင်းနဲ့ချီတဲ့ ငွေကြေးဆုံးရှုံးမှု အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရဦးမှာ ဖြစ်ပါတယ်” ဟု သတိပေးပြောကြားခဲ့သည်။

ဩစတြီးယား၊ ဂျာမနီ၊ နယ်သာလန်၊ ပြင်သစ်၊ စပိန်၊ ပိုလန်နှင့် ဘယ်လ်ဂျီယံ အပါအဝင် ဥရောပနိုင်ငံပေါင်း ၂၇ နိုင်ငံမှ စားသုံးသူအခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် အဖွဲ့အစည်းများစွာ ပူးပေါင်းစုဆောင်းခဲ့သည့် အဆိုပါ အကိုးအကား အထောက်အထားများသည် နည်းပညာကုမ္ပဏီကြီးများအနေဖြင့် အွန်လိုင်းပေါ်က ငွေကြေးလိမ်လည်မှု ကြော်ငြာပြဿနာများကို ကျေနပ်လောက်ဖွယ် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်းကို ထင်ရှားစွာ သက်သေပြနေပါသည်။

BEUC ၏ ဝက်ဘ်ဆိုက် စာမျက်နှာ https://www.beuc.eu/press-releases/consumer-groups-file-complaints-against-meta-tiktok-and-google-failing-protect