ထိုင်း စားသုံးသူ ကောင်စီက ငွေလိမ်ကြော်ငြာများအတွက် Facebook (Meta) ကို တရားစွဲမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်။
ဖေ့စ်ဘွတ်ခ် (Facebook) ပလက်ဖောင်းပေါ်တွင် အများပြည်သူများအား ငွေလိမ်ဂိုဏ်းများနှင့် မသမာသည့် ကြော်ငြာများအန္တရာယ်မှ လုံလောက်စွာ အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့မှုကြောင့် ဖေ့စ်ဘွတ်ခ်၏ မိခင်ကုမ္ပဏီဖြစ်သော မေတာ (Meta) အပါအဝင် တရားခံ ၁၇ ဦးကို ထိုင်းနိုင်ငံသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် တရားမကြောင်းအရ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ထိုင်းစားသုံးသူများကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။
ကောင်စီ၏ အထွေထွေအတွင်းရေးမှူးချုပ် မစ္စ ဆာရီ အံဆွန်ဝမ် (Saree Aongsomwang) ၏ ပြောကြားချက်အရ ဖေ့စ်ဘွတ်ခ်ပေါ်ရှိ အွန်လိုင်းငွေလိမ်မှုများကြောင့် စုစုပေါင်း ဘတ်ငွေ သန်း ၂၃၀ ခန့် ဆုံးရှုံးခဲ့ရသည့် စားသုံးသူ ၁၀ ဦးကို ကိုယ်စားပြု၍ လာမည့်တနင်္လာနေ့တွင် ဘန်ကောက်မြို့ တရားမရုံး (Civil Court) သို့ အမှုဖွင့် တိုင်ကြားသွားမည်ဖြစ်သည်။
ကောင်စီအနေဖြင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကတည်းက စီအီးအို မာ့ခ် ဇူကာဘတ် (Mark Zuckerberg) ထံ ထိုင်းနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှုများ တားဆီးရန် တိကျသည့် အကြံပြုချက်များ ပေးပို့ခဲ့သော်လည်း ကုမ္ပဏီဘက်မှ ထိရောက်သော တုံ့ပြန်မှု မရှိခဲ့ကြောင်း ဆိုသည်။
ထို့ပြင် ဖေ့စ်ဘွတ်ခ်သည် အမေရိကန်၊ ဥရောပနှင့် ဩစတြေးလျနိုင်ငံများတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို တင်းကျပ်စွာ ဆောင်ရွက်သော်လည်း ထိုင်းနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများရှိ အသုံးပြုသူများအပေါ်တွင်မူ အကာအကွယ်ပေးမှု အားနည်းနေကြောင်း ထောက်ပြထားသည်။
ကောင်စီ၏ စာရင်းဇယားများအရ အခု ၂၀၂၆ ခုနှစ်၏ ပထမဆုံး ၄ လအတွင်းမှာပင် ထိုင်းပြည်သူများသည် အွန်လိုင်းလိမ်လည်မှုများကြောင့် ဘတ် ၇ ဒသမ ၄၈ ဘီလီယံအထိ ဆုံးရှုံးခဲ့ရပြီး၊ အဓိကတိုင်ကြားစာများ၏ ၆၁ ရာခိုင်နှုန်းမှာ ဖေ့စ်ဘွတ်ခ်မှတဆင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ (Meta) ကုမ္ပဏီဘက်က ငွေကြေးလွှဲပြောင်းမှုများကို ၎င်းတို့၏ ပလက်ဖောင်းပေါ်တွင် တိုက်ရိုက်လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ခုခံချေပထားပြီး၊ မသမာသူများကို ဟန့်တားနိုင်ရန် မူဝါဒများကို စဉ်ဆက်မပြတ် အဆင့်မြှင့်တင်နေသည့်အပြင် အသုံးပြုသူများအတွက်လည်း သံသယဖြစ်ဖွယ်အကောင့်များကို ပိတ်ဆို့တိုင်ကြားနိုင်မည့် ကိရိယာ (Tools) များကို ပံ့ပိုးပေးထားကြောင်း ပြောဆိုထားသည်။