အလုပ်ရှာဖွေရေး အေးဂျင့်အဖြစ် တရုတ်သူလျှိုများ အသွင်ယူနေကြောင်း ဗြိတိန် MI5 ထုတ်ဖော်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်။
ဗြိတိန်အစိုးရနှင့် စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများထံမှ နိုင်ငံတော်လျှို့ဝှက်ချက်များကို လှည့်စားရယူရန် တရုတ်သူလျှိုများသည် အလုပ်အကိုင်ရှာဖွေရေး အေးဂျင့်များအဖြစ် ဟန်ဆောင်လှုပ်ရှား နေကြကြောင်း ဗြိတိန်လုံခြုံရေးအေဂျင်စီ (MI5) က သတိပေးချက် ထုတ်ပြန်လိုက်သည်။
ဗြိတိန်၊ အမေရိကန်၊ ဩစတြေးလျ၊ ကနေဒါနှင့် နယူးဇီလန်နိုင်ငံတို့ ပါဝင်သော Five Eyes ထောက်လှမ်းရေးမဟာမိတ်အဖွဲ့၏ ပူးတွဲထုတ်ပြန်ချက်အရ တရုတ်သူလျှိုများသည် LinkedIn၊ Indeed နှင့် Upwork ကဲ့သို့သော လူသိများသည့် အလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုက်များကို အသုံးချကာ အလုပ်အကိုင်အတုများကို ကြော်ငြာ၍ အရောင်းအဝယ်လုပ်ငန်းများသဖွယ် ဟန်ဆောင်စည်းရုံးနေကြခြင်း ဖြစ်သည်ဟု ဆိုသည်။
၎င်းတို့သည် အလုပ်လျှောက်ထားသူများထံမှ တရုတ်စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့က အသုံးချနိုင်မည့် “အများပြည်သူသိခွင့်မရှိသည့်” လျှို့ဝှက်အချက်အလက်များ ထုတ်ဖော်ပြောကြားလာစေရန် ဖိအားပေး လုပ်ဆောင်လေ့ရှိသည်။
ယခုကဲ့သို့ ပစ်မှတ်ထားခံရနိုင်ခြေရှိသူများတွင် လုံခြုံရေးဆိုင်ရာ ခွင့်ပြုချက်ရရှိထားသူများ၊ ပညာရှင်များနှင့် မူဝါဒရေးရာ အကြံပေး (Think Tanks) ဝန်ထမ်းများ ပါဝင်သည်။
ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးပြောရေးဆိုခွင့်ရှိသူက ဤသတိပေးချက်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ပြီး၊ အဆိုပါစွပ်စွဲချက်များသည် “လုံးဝအခြေအမြစ်မရှိသည့် လုပ်ကြံဖန်တီးမှုနှင့် မလိုမုန်းထား ဆဲဆိုပုတ်ခတ်မှု” သာ ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
ထို့ပြင် Five Eyes မဟာမိတ်အဖွဲ့သည် ကမ္ဘာ့အကြီးဆုံး ထောက်လှမ်းရေးအဖွဲ့အစည်းဖြစ်ပြီး ကမ္ဘာ တစ်ဝန်းတွင် သူလျှိုလုပ်ငန်းများကို ဗြောင်ကျကျ လုပ်ဆောင်နေသဖြင့် ၎င်းတို့ကိုယ်တိုင်သာ လျှင် ငြိမ်းချမ်းရေးမြတ်နိုးသည့် နိုင်ငံများအတွက် တကယ့်ခြိမ်းခြောက်မှုဖြစ်ကြောင်း တရုတ်သံရုံးဘက်က ပြန်လည်စွပ်စွဲခဲ့သည်။