စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များကို နိုင်ငံတကာ မီဒီယာ ပလက်ဖောင်းများ ဖယ်ရှား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်။
လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပရန် ပြင်ဆင်နေသည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲအကြိုကာလတွင် နိုင်ငံတကာနည်းပညာကုမ္ပဏီများက စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များကို ဆက်တိုက်ပိတ်သိမ်းလျက်ရှိသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်တွင် ဩစတေးလျအခြေစိုက် တိုက်ရိုက်ရုပ်သံထုတ်လွှင့်သည့် Kick ပလက်ဖောင်းက MRTV နှင့် MITV အပါအဝင် ချန်နယ် ၇ ခုကို ပိတ်သိမ်းခဲ့ကြောင်း Justice For Myanmar (JFM) အဖွဲ့က ထုတ်ပြန်ခဲ့သည်။
အလားတူ အမေရိကန် အခြေစိုက် Amazon ပိုင် Twitch ပလက်ဖောင်းကလည်း ဒီဇင်ဘာလ ၁၈ ရက်တွင် MRTV နှင့် မြန်မာ့အသံရုပ်သံချန်နယ် ၁၄ ခုကို ဖယ်ရှားခဲ့ပါသည်။
Meta ကုမ္ပဏီပိုင် Facebook သည်လည်း စစ်တပ်ပိုင် ရတနာပုံသတင်းစာစာမျက်နှာများကို ယခုဒီဇင်ဘာလအတွင်း ထပ်မံဖယ်ရှားခဲ့သလို၊ MediaFire ဖိုင်ဝေမျှသည့်ဝဘ်ဆိုက်ကလည်း ရတနာပုံသတင်းစာ PDF ဖိုင်များကို ပိတ်သိမ်းခဲ့ပါသည်။
YouTube သည်လည်း MRTV နှင့် ပတ်သက်သည့် အကောင့်သစ်များကို ဖယ်ရှားခဲ့သော်လည်း MITV အကောင့်တစ်ခုမှာမူ ရှိနေဆဲဖြစ်သည်။