AI နည်းပညာသုံး Deepfake ရုပ်ပုံများကြောင့် အမေရိကန် ကျောင်းသူတစ်ဦး ထိခိုက်နစ်နာခဲ့ရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်။ 

အမေရိကန်နိုင်ငံ၊ လူဝီစီယားနားပြည်နယ်က အလယ်တန်းကျောင်းတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ AI နည်းပညာသုံး Deepfake ရုပ်ပုံတွေကြောင့် ကျောင်းသူတစ်ယောက် ဘဝပျက်လုနီးပါး ဖြစ်ခဲ့ရပါတယ်။ 

ကျောင်းသား နှစ်ယောက်က အသက် ၁၃ နှစ်အရွယ် ကျောင်းသူတစ်ဦးနဲ့ သူငယ်ချင်းတွေရဲ့ မျက်နှာပုံတွေကို AI သုံးပြီး ကိုယ်တုံးလုံး ပုံတွေ ဖန်တီးကာ ကျောင်းသားတွေကြားထဲမှာ ဖြန့်ဝေခဲ့ကြပါတယ်။ 

ကျောင်းသူလေးဟာ ကျောင်းရဲ့ အကြံပေးပုဂ္ဂိုလ်နဲ့ ရဲအရာရှိတွေကို အကူအညီတောင်းခဲ့ပေမယ့် ကျောင်းသားတွေဟာ Snapchat လိုမျိုး ကြည့်ပြီးတာနဲ့ ပို့လိုက်တဲ့ Message တွေ ပျောက်ကွယ်သွားတတ်တဲ့ App နဲ့ ဖြန့်တာဖြစ်လို့ လူကြီးတွေက သက်သေရှာမတွေ့ဘဲ ကောလာဟလလို့သာ သတ်မှတ်ပြီး လျစ်လျူရှုခဲ့ကြပါတယ်။

အဲဒီနောက်တော့ ကျောင်းဆင်းချိန် ကျောင်းကားပေါ်မှာ အဲဒီ ကိုယ်တုံးလုံးပုံတွေကို ကျောင်းသားတစ်ဦးက ပြသပြီး လှောင်ပြောင်နေတာကို တွေ့လိုက်ရတဲ့အခါမှာတော့ ကျောင်းသူလေးဟာ စိတ်မထိန်းနိုင်ဘဲ အဲဒီကျောင်းသားကို ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့ပါတယ်။ 

ရလဒ်အနေနဲ့ ကျောင်းအာဏာပိုင်တွေက သူမကို ကျောင်းကနေ ၁၀ ပတ်ကျော်ကြာ ထုတ်ပယ်ပြီး ပြုပြင်ရေးကျောင်းကို ပို့ခဲ့ပါတယ်။ ပုံဖန်တီးဖြန့်ဝေသူလို့ ယူဆရတဲ့ ကျောင်းသားကိုတော့ ဘာပြစ်ဒဏ်မှ မပေးခဲ့ပါဘူး။ 

နောက်ပိုင်းမှာမှ ရဲတပ်ဖွဲ့က သေချာစုံစမ်းစစ်ဆေးတဲ့အခါမှာတော့ AI သုံးပြီး ပုံဖန်တီးဖြန့်ဝေခဲ့တဲ့ ကျောင်းသား နှစ်ဦးကို ရှာဖွေတွေ့ရှိပြီး ဥပဒေအရ အမှုဖွင့် အရေးယူခဲ့ပါတယ်။ ကျောင်းဘက်ကတော့ ကျောင်းသူလေးကို (ရက်ပေါင်း ၈၉ ရက်) ရှိတဲ့ ဆီမက်စ်တာ တစ်ခု အထိ ကျောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကျောင်းကနေ ထုတ်ပယ်ခံရပြီး ပြုပြင်ရေးကျောင်း ရောက်သွားတဲ့အခါမှာ ကျောင်းသူလေးဟာ စိတ်ဓာတ်ကျခြင်း နဲ့ စိုးရိမ်သောကလွန်ကဲခြင်း ဝေဒနာတွေကို ခံစားခဲ့ရပြီး အစားအသောက်ပျက်ကာ စာသင်ကြားမှုတွေမှာလည်း နောက်ကျကျန်ခဲ့ပါတယ်။ 

ရှေ့နေတွေက ကျောင်းဘုတ်အဖွဲ့ကို အယူခံဝင်ခဲ့လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာတော့ ကျောင်းသူလေးကို ကျောင်းပြန်တက်ခွင့် ပြုခဲ့ပါတယ်။ ဒါပေမဲ့ ဇန်နဝါရီလကုန်အထိ စောင့်ကြည့်ကာလ (Probation) အဖြစ် သတ်မှတ်ထားတာကြောင့် အားကစားနဲ့ ကျောင်းပြင်ပ လှုပ်ရှားမှုတွေမှာ ပါဝင်ခွင့် မရသေးပဲ ရှိနေသေးပါတယ်။