သုဝဏ္ဏဘူမိလေဆိပ်အနီး ဒရုန်း ထိန်းချုပ် ပျံသန်းသည့် မြန်မာနိုင်ငံသား ၄ ဦး အား ဖမ်းဆီး၊ ဒရုန်း ၂၅၀၀ ကျော် သိမ်းဆီးရမိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်အနီးတွင် သံသယဖြစ်ဖွယ် ဒရုန်း (Drone) များ ခွင့်ပြုချက်မရှိဘဲ ပျံသန်းနေမှုကို အကြောင်းပြု၍ ထိုင်းလုံခြုံရေးတပ်ဖွဲ့များက စုံစမ်းစစ်ဆေးခဲ့ရာ လေဆိပ်နှင့် မလှမ်းမကမ်းရှိ အဆောက်အဦတစ်ခုအတွင်း ဒရုန်းများကို ထိန်းချုပ်မောင်းနှင်နေသည့် မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးခံရသူများမှာ ဇွဲထက်အောင် (၂၃ နှစ်)၊ စနေလင်းထက် (၂၄ နှစ်)၊ ကျော်ဇင်ဟိန်း (၃၄ နှစ်) နှင့် သိန်းဇော် (၃၄ နှစ်) တို့ ဖြစ်ကြသည်။
အဆိုပါဖမ်းဆီးမှုမှတစ်ဆင့် ကွင်းဆက်လိုက်လံရှာဖွေရာတွင် ဂိုဒေါင်တစ်ခုအတွင်း ဂျပ်ပုံးများဖြင့် ထည့်ထားသည့် ဒရုန်းအစင်းရေ ၂,၅၀၀ ကျော်ကိုပါ ထပ်မံသိမ်းဆည်းရမိခဲ့သည်။
ထိုင်းအမျိုးသားရုပ်သံနှင့် တယ်လီဖုန်းဆက်သွယ်ရေးကော်မရှင် (NBTC) ၏ အဆိုအရ သိမ်းဆည်းရမိသည့် ဒရုန်းအချို့မှာ ယူကရိန်းစစ်ပွဲတွင် အသုံးပြုသည့် အုပ်စုလိုက်တိုက်ခိုက်ရေးဒရုန်းများနှင့် ဆင်တူနေပြီး၊ ၎င်းတို့အနက် တရုတ်နိုင်ငံ DJI ကုမ္ပဏီထုတ် အဆင့်မြင့်ဒရုန်း ၁၀ ခုလည်း ပါဝင်နေသည်။
အဆိုပါဒရုန်းများသည် ကုန်းလမ်းမှတစ်ဆင့် မှောင်ခိုသွင်းလာပြီး ထိုင်းနိုင်ငံအတွင်း၌ ပြန်လည်တပ်ဆင်ထားခြင်း ဖြစ်နိုင်သည်ဟု အာဏာပိုင်များက ယူဆထားကြသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူများ၏ ရည်ရွယ်ချက်နှင့် ၎င်းတို့၏နောက်ကွယ်မှ အဖွဲ့အစည်းများကို ထိုင်းစုံစမ်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမေးမြန်းလျက်ရှိသည်။
ဤဖြစ်စဉ်သည် လေကြောင်းလုံခြုံရေးသာမက မြန်မာနိုင်ငံ၏ စစ်ရေးပဋိပက္ခများ သို့မဟုတ် ကမ္ဘောဒီးယားနယ်စပ် အခြေအနေများနှင့် ပတ်သက်မှု ရှိ၊ မရှိကိုလည်း ထိုင်းလုံခြုံရေးတပ်ဖွဲ့များက အထူးအလေးထား စစ်ဆေးနေသည်ဟု ဆိုသည်။