ကချင်မြောက်ဖျားပိုင်းတွင် စစ်အုပ်စုက အင်အားဖြည့်တင်းကာ စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်။
ကချင်ပြည်မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်အတွင်း၌ စစ်အုပ်စုတပ်က အင်အားဖြည့်တင်းမှုများ ပြုလုပ်လျက်ရှိပြီး စစ်ရေး ပြင်ဆင်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) က ပြောသည်။
လက်ရှိတွင် ကချင်ပြည်အတွင်းရှိ မြို့နယ် တော်တော်များများတွင် စစ်ရေးတင်းမာမှုများနှင့်အတူ တိုက်ပွဲများ ဖြစ်ပွားနေသည့်နည်းတူ ခေါင်လန်ဖူးမြို့နယ်ထဲတွင်လည်း စစ်အုပ်စုက စစ်ရေးပြင်ဆင်မှုများကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာနေကြောင်း KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုသည်။
“ခေါင်လန်ဖူးဘက်မှာကတော့ ဒီလိုပါ။ သူတို့လည်း အင်အားတွေ ဖြည့်နေတာ၊ ထိုးစစ်အင်အားတွေ ဖြည့်တာ တွေရှိတယ်။ စားနပ်ရိက္ခာတွေ စီစဉ်ထားတာပေါ့ကွာ၊ ပြည်သူ့စစ်တွေလည်း အဲဒီနေရာမှာ နေရာယူထားတာ တွေရှိတယ်။ အဲလိုအနေအထားဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။
အဆိုပါ စစ်ရေးပြင်ဆင်မှုများတွင် စစ်အုပ်စုတပ်နှင့်အတူ ဒေသတွင်းရှိ ပြည်သူ့စစ်အဖွဲ့များလည်း ပါဝင် ပတ်သက်နေကြောင်း ဆိုသည်။
ထိုကဲ့သို့ စစ်ရေးပြင်ဆင်မှုများနှင့်အတူ KIO/KIA လှုပ်ရှားရာဒေသများဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက် လာမှုများကြောင့် နှစ်ဖက် ထိတွေ့တိုက်ပွဲများလည်း ဖြစ်ပွားနေသည်ဟု ဗိုလ်မှူးကြီး နော်ဘူက ဆက် ပြောသည်။
“တိုက်ပွဲလည်း ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်တာကတော့ တောမှာ၊ တောင်မှာ သူတို့စစ်ကြောင်းထိုးတဲ့နေရာတွေမှာ ဖြစ်ပါတယ်။ ရွာတွေ၊ သူတို့အထိုင်စခန်းတွေ သိမ်းတဲ့ဟာတွေကတော့ မရှိသေးဘူး။ သူတို့ထိုးစစ်ဆင်လာလို့ ကျနော်တို့က ခုခံလို့ တိုက်ပွဲဖြစ်တာ။ ကြိုကြားကြိုကြား တိုက်ပွဲတွေရှိပါတယ်။ တင်းမာတဲ့အနေအထား ဖြစ် ပါတယ်။”
တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ခေါင်လန်ဖူးဒေသခံများအနေဖြင့် စစ်ဘေးလွတ်ရာ ဒေသများနှင့် ပူတာအိုမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိနေသည်။
လက်ရှိတွင် ကချင်ပြည် အတွင်းရှိ ရွှေကူမြို့နယ်၊ ဗန်းမော်မြို့နယ်၊ ဝိုင်းမော်မြို့နယ်နှင့် မိုးညှင်းမြို့နယ်၊ အင်းတော် ကြီးဒေသတို့တွင်လည်း စစ်အုပ်စုတပ်၏ စစ်ကြောင်းထိုးဝင်ရောက်မှုများကြောင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေဆဲဖြစ်သည်။
အဆိုပါ မြို့နယ်များအနက် ရွှေကူမြို့နယ်တွင် တိုက်ပွဲအပြင်းထန်ဆုံးဖြစ်နေပြီး စစ်အုပ်စုတပ်က အင်အား ၅၀၀ နီးပါးခန့်ဖြင့် စစ်ကြောင်း ၄ ကြောင်းခွဲကာ ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း KIO/KIA က ပြောသည်။
အတုအယောင် ရွေးကောက်ပွဲမှ တစ်ဆင့် သမ္မတဖြစ်လာသည့် စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်က ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ၎င်းတို့ ရှုံးဆုံးထားသည့် နယ်မြေများကို ပြန်လည်ရယူရန် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ဒေသများထဲတွင် ကချင်ပြည်လည်း အပါအဝင် ဖြစ်နေသည်။
ဓာတ်ပုံ – NMG (ပုံဟောင်း)