မြောက်ဦးကို စစ်တပ်က လေယာဉ်အုပ်စုဖြင့် ဗုံးအလုံး ၃၀ ကျော် ကြဲချတိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်။
ရခိုင်ပြည်၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိရာ သမိုင်းဝင်မြောက်ဦးမြို့ပေါ်သို့ စစ်တပ်က ဂျက် ဖိုက်တာ ၆ စီးနှင့် Y-12 ၂ စီးတို့ဖြင့် အုပ်စုလိုက် အပြင်းအထန် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၄ ရက်နေ့၊ ည ၉ နာရီကျော်မှ ၁၀ နာရီကျော်အထိ တစ်နာရီကျော်ကြာမြင့်ခဲ့သော အဆိုပါ တိုက်ခိုက်မှုအတွင်း မြောက်ဦးမြို့ပေါ်ရှိ စစ်တပ်၏ တပ်ရင်းဟောင်းများဖြစ်ကြသည့် အမှတ် (၅၄၀) တပ်ရင်း နှင့် အမှတ် (၃၁) ရဲတပ်ရင်းနေရာတို့ကို ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် စစ်ဘေးရှောင်များနှင့် ရေဘေးရှောင်များ ခိုလှုံနေထိုင်ရာ နေရာများကိုပါ ပစ်မှတ်ထားကာ ဗုံးအလုံးရေ ၃၀ ကျော်အထိ မရပ်မနား ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် စစ်ဘေးရှောင်နှင့် ရေဘေးရှောင် အပြစ်မဲ့ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ ဒေသခံပြည်သူများ ပိုင်ဆိုင်သည့် နွား ၃ ကောင် သေဆုံးကာ ၅ ကောင်မှာလည်း ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
ဒေသခံ တစ်ဦးက “ညအချိန်ကြီးမှာ လေယာဉ်သံတွေရော ဗုံးပေါက်ကွဲသံတွေရော တစ်လုံးပြီး တစ်လုံးပဲ။ ရမ်းသမ်းကြဲချနေတာ။ အားလုံးက ဘယ်ကိုပြေးရမလဲ မသိဘူး အဲ့လိုဖြစ်ကုန်တာ” ဟု ပြောသည်။
လက်ရှိ မိုးရာသီကာလအတွင်းတွင်ပင် စစ်တပ်အနေဖြင့် အရပ်သားပြည်သူများ နေထိုင်ရာနေရာများကို ရည် ရွယ်ချက်ရှိရှိဖြင့် လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက် လုပ်ဆောင်နေခြင်းကြောင့် ဒေသခံပြည်သူများ အနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိထား ကြိုတင်ပြင်ဆင်နေထိုင်ကြရန် အာရက္ခတပ်တော် (AA) က တိုက်တွန်းထားသည်။
စစ်ရှောင်များကို အကူအညီပေးနေသူ ရခိုင်လူငယ်တစ်ဦးကလည်း “အခုလို မိုးတွင်းကာလမှာတောင် အရပ်သား တွေနဲ့ စစ်ဘေးရှောင်တွေ ခိုလှုံတဲ့နေရာတွေကို ပစ်မှတ်ထားပြီး အခုလို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက် နေ တာဟာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို ဖောက်ဖျက်နေတာပါပဲ။ ပြည်သူတွေအနေနဲ့ လေကြောင်း ရန်ကို အထူးသတိထားကြဖို့နဲ့ လုံခြုံတဲ့နေရာတွေမှာ တိမ်းရှောင်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။
သမိုင်းဝင် ယဉ်ကျေးမှုနယ်မြေ တစ်ခုဖြစ်သည့် မြောက်ဦးမြို့တွင် ယခုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ် သားများ ခိုလှုံရာနေရာများကို လေကြောင်းဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသခံ ပြည်သူများ မှာ စိုးရိမ်ပူပန်မှုများ မြင့်တက်နေဆဲဖြစ်သည်။
ထိုပြင် စစ်ရှောင်ပြည်သူများအတွက် အရေးပေါ် အကူအညီများနှင့် လုံခြုံရေးဆိုင်ရာ အကာအကွယ်များကို အထူးလို အပ်လျက်ရှိနေကြောင်း အကူအညီပေးနေသူများက ပြောသည်။