မြောက်ဦးမြို့ လေကြောင်း တိုက်ခိုက်ခံရမှုထဲ ကလေးများ အပါအဝင် အရပ်သား ၁၂ ဦးသေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်။
အာရက္ခတပ်တော် ULA/AA က ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၁၂ ဦး သေဆုံးခဲ့သည်။
မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ထဲ ဩဂုတ်လ ၂၅ ရက်နေ့၊ ည ၁၁ နာရီခွဲအချိန်ခန့်တွင် ဂျက်ဖိုက်တာနှင့် ဗုံးနှစ်လုံး ကြဲခဲ့ခြင်း ဖြစ်သည်ဟု အာရက္ခတပ်တော် ULA/AA က ထုတ်ပြန်သည်။
ထိုလေကြောင်း တိုက်ခိုက်မှုထဲ အလှူလုပ်ရန် ပြင်ဆင်နေသည့် ဒိုင်းကျီရပ်ကွက်ထဲက အပြစ်မဲ့ပြည်သူများ မိသားစု လိုက် သေဆုံးကုန်သည်ဟု အာရက္ခတပ်တော် ULA/AA က ဩဂုတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည်။
မြောက်ဦး ဒေသခံတစ်ဦးက “မြောက်ဦးမြို့က ဒိုင်းကျီရပ်ကွက်ထဲ ကြဲတာပါ။ ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲခဲ့တာ ပါ။ အိမ်တွေလည်း ရစရာမရှိအောင် ပျက်စီးကုန်တယ်။ တချို့အိမ်က ဘာမှကို ရစရာမရှိတော့ဘူး။ လူနေရပ် ကွက်ထဲ ကြဲတာ ဟုတ်ပါတယ်။ လူ ၁၂ ယောက်သေသွားပြီ။ ဒဏ်ရာရထဲတဲ့အထဲမှာလည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့လူတွေလည်း ရှိသေးတယ်” ဟု ပြောသည်။
ဗုံးကြဲ တိုက်ခိုက်မှုထဲ ကလေး ၅ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၁၂ ဦး သေဆုံးခဲ့ရပြီး အယောက် ၂၀ ထိမှန်ဒဏ် ရာ ရခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် ဒိုင်းကျီရပ်ကွက်ထဲက နေအိမ် ၈ လုံးလည်း ထိမှန်ပျက်စီးသွားသည်ဟု ဆိုကြသည်။
“ပေါင် ၅၀၀ ဗုံးအရှိန်က ဘယ်လောက် ပြင်းလဲဆိုရင် အိမ်တွေ အစအန မရလောက်အောင် ပျက်စီးကုန်တာ တွေ ရှိတယ်။ မြေကြီးဆို လူတစ်ရပ်စာလောက် ချိုင့်ဝင်သွားတယ်။ မနက်အထိတောင်မှ မီးတောက်တွေ ကျန်နေတုန်း ဗျ။ အားလုံးအိပ်မောကျချိန်လို့ပဲ ပြောရမယ် ဗုံးကြဲတဲ့အချိန်ကလေ။ ကလေးတွေပါတယ်။ လူကြီး အသက်ကြီး ပိုင်းတွေလည်း ပါတယ်” ဟု မျက်မြင်ဒေသခံ တစ်ဦးက ပြောသည်။
အပြစ်မဲ့ ပြည်သူတွေ ထိခိုက်သေဆုံးမှု များအောင် တမင် ရည်ရွယ်ချက်ရှိရှိနှင့် ညအချိန် ပြည်သူများ အိပ်မော ကျနေချိန်၌ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။
အလားတူ ဇန္နဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းတွင်လည်း မြောက်ဦးမြို့နယ်၊ ရမ်းချောင်းကျေးရွာ အနီးတစ်ဝိုက် အား စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် AA က ထိန်းသိမ်းထားသော စစ်သုံ့ပန်း မိသားစု များထဲမှ ကလေးငယ်နှင့် အမျိုးသမီးစုစုပေါင်း ၂၈ ဦးသေဆုံးခဲ့ပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု AA က ထုတ်ပြန် ထားသည်။
ယခု ၂၀၂၅ ခုနှစ်အတွင်း ရခိုင်ပြည်အတွင်းရှိ ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦး၊ ရမ်းဗြဲမြို့နယ်တို့ထဲ စစ်တက် လေကြောင်းမှ တိုက်ခိုက်မှုများ လုပ်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၈၆ ဦး သေဆုံးခဲ့သည်ဟု အာရက္ခတပ်တော် ULA/AA ၏ စာရင်းများအရ သိရသည်။